DVB Logo
Home
မြန်မာသတင်း
မဒေးကျွန်း ဆန္ဒပြခေါင်းဆောင် ၁၀ ဦးကို စစ်ဆေး
DVB
·
May 13, 2013
မဒေးကျွန်း ဆန္ဒပြခေါင်းဆောင် ၁၀ ဦးကို စစ်ဆေး
Donate to DVB

စီအန်ပီစီ တရုတ်ကုမ္ပဏီကို ဧပြီလက ခွင့်ပြုချက်မရဘဲ ဆန္ဒပြခဲ့တဲ့ ဦးဆောင်သူ မဒေးကျွန်းရွာသား ၁၀ ဦးကို ကျောက်ဖြူမြို့နယ်တရားရုံးက  ဒီနေ့ ခေါ်ယူ စစ်ဆေးခဲ့တယ်လို့ ရခိုင်လူမှုကွန်ရက်အဖွဲ့ဝင် ဦးထွန်းလွင်က ဒီဗွီဘီကို ပြောပါတယ်။

မေလ ၁၆ ရက်နေ့ အမှုစစ်ဖို့ ချိန်းဆိုထားပေမယ့် ဒီနေ့ခေါ်ယူခဲ့တာဖြစ်ပြီး ဘာကြောင့် ရက်ပြောင်းတယ်ဆိုတာ မသိဘူးလို့ တရားခွင်မှာ တက်ရောက်နားထောင်တဲ့  ဦးထွန်းလွင်က ပြောပါတယ်။

[caption id="attachment_38567" align="alignright" width="300" caption=" ဧပြီလ ၁၈ ရက်နေ့က စီအန်ပီစီကုမ္ပဏီကို ဒေသခံများ ဆန္ဒပြခဲ့စဉ်"][/caption]

ဆန္ဒပြခေါင်းဆောင် ဦးထွန်းကြည်၊ ဦးအောင်သန်းထွန်း၊ ဦးထွန်းခင်နုတို့ အပါအ၀င် ၁၀ ဦးစလုံး တရားရုံးကို တက်ရောက်ခဲ့ကြောင်း၊ တရားသူကြီး ဦးဌေးဝင်းက တရားလိုဖြစ်သူ  မြို့နယ်ရဲစခန်းမှူးကို စစ်ဆေးပြီး ဆန္ဒပြခေါင်းဆောင်တွေဘက်က ရှေ့နေကွန်ရက်အဖွဲ့ဝင် ဦးအောင်သိန်းက စခန်းမှူးကို ပြန်လည်မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ တရားခွင်မှာ တရားစွဲရခြင်းအကြောင်းနဲ့ သူတို့တောင်းဆိုချက်နဲ့ ဆန္ဒပြပုံတွေ၊ အကြမ်းဖက်မယ့်ပုံ ရှိ မရှိ၊ ဥပဒေနဲ့ လျော်ညီမှု ရှိ မရှိ မေးမြန်းခဲ့ပြီး လာမယ့် မေ ၂၇ ရက်နေ့မှာ အမှုစစ်ဖို့ ထပ်မံချိန်းဆိုလိုက်ပါတယ်။

ဒီမတိုင်ခင် မေ ၆ ရက်နေ့က ရုံးတင်စစ်ဆေးဖို့ ရှိပေမယ့်လည်း မဒေးကျွန်းရွာသား ၄၀၀ ကျော် တရားရုံးကို ရောက်ရှိလာပြီး ဆန္ဒပြတာချင်းအတူတူ အားလုံးကို ရုံးတင်အရေးယူဖို့ တောင်းဆိုခဲ့တဲ့အတွက် အမှုမစစ်ဖြစ်ဘဲ မေ ၁၆ ရက်နေ့ကို ရက်ချိန်းထားတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြု့မြို့နယ်ထဲ စီအန်ပီစီ တရုတ်ကုမ္ပဏီက လက်ရှိဆောင်ရွက်နေတဲ့ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းဟာ လူနေမှုဘ၀နဲ့ အကျိုးစီးပွားကို ထိခိုက်နေတဲ့အတွက် မဒေးကျွန်းဒေသခံ ၄၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။

အသိမ်းခံရတဲ့ မြေတွေကို နိုင်ငံတကာ စံနှုန်းအတိုင်း ပေးလျော်ဖို့၊ စီမံကိန်းကြောင့် ပျက်စီးသွားတဲ့ ကျောက်တန်း၊ ပြိန်၊ ရွာမနဲ့ ပန်းတိမ်ဆည် ဆက်သွယ်ရေးလမ်းကို ပြန်ပြင်ပေးဖို့၊ ဒေသခံတွေကို အလုပ်ခန့်ပြီး လုပ်အားခကို နိုင်ငံတကာ စံနှုန်းအတိုင်းပေးဖို့၊ မဒေးကျွန်းမှာ လျှပ်စစ်မီးရရေး၊ ကျွန်းပတ်လည်မှာ ငါးဖမ်းခွင့်ရရေးနဲ့ ကျွန်းပေါ်မှာရှိတဲ့ မြေလွတ်မြေရိုင်းတွေကို ဒေသခံကို အသိမပေးဘဲ သိမ်းယူလုပ်ကိုင်တာတွေ မလုပ်ဖို့ စတာတွေအပါအ၀င် အချက် ၉ ချက်ကို ဒေသခံတွေက တောင်းဆိုခဲ့ကြတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013