Home
မြန်မာသတင်း
မြေမြှုပ်မိုင်း မကြာခဏပေါက်ကွဲနေမှု ဖြေရှင်းပေးရန် နည်းလမ်းရှာနေဟု KNU နှင့် NMSP ပြော
DVB
·
June 12, 2020
မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးနယ်စပ်မှာ မြေမြှုပ်မိုင်း မကြာခဏ ပေါက်ကွဲပြီး လူတွေ ထိခိုက်ဒဏ်ရာရရှိနေမှုကို အမြန်ဆုံး ဖြေရှင်းပေးဖို့ နည်းလမ်းရှာနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)နဲ့ မွန်ပြည်သစ်ပါတီ (NMSP) ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။  မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း နယ်စပ်မှာ မြေမြှုပ်မိုင်း မကြာခဏ ပေါက်ကွဲလာတာ အခုဆိုရင် ၂ နှစ် နီးပါးရှိလာပြီး ဒီကာလအတွင်း မြေမြှုပ်မိုင်း ၁၀ ကြိမ်မထက်နည်း ပေါက်ကွဲခဲ့ကာ လူ ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။  အခုနှစ် မေလအထိ မြေမြှုပ်မိုင်း ပေါက်ကွဲမှုမှာတော့ လူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ၁ ဦး သေဆုံးခဲ့ပါတယ်။ ဒါကြောင့် မြေမြှုပ်မိုင်း မကြာခဏပေါက်ကွဲနေမှုကို အမြန်ဆုံး ဖြေရှင်းပေးဖို့ နည်းလမ်းရှာနေတယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် နိုင်ဗညားလယ်က ပြောပါတယ်။ မြေမြှုပ်မိုင်း မကြာခဏပေါက်ကွဲနေတဲ့ နေရာဟာ မွန်လူမျိုးတွေ အများစု နေထိုင်ရာ ဒေသတစ်ခုဖြစ်ပြီး၊ KNU နဲ့  NMSP တို့ လှုပ်ရှားသွားလာနေတဲ့ နေရာ ဖြစ်ပါတယ်။  အခုလို မြေမြှုပ်မိုင်း မကြာခဏ ပေါက်ကွဲနေတာဟာ သူတို့ လုပ်ရပ်မဟုတ်ဘူးလို့ နှစ်ဖက်တာဝန်ရှိသူတွေက ငြင်းဆိုနေကြပါတယ်။ မြေမြှုပ်မိုင်း အခုလို မကြာခဏ ပေါက်ကွဲနေမှုကြောင့် ဒေသတွေအနေနဲ့ အသက်မွေးဝမ်းကြောင်း လုပ်ကိုင်နေတဲ့ ဥယျာဉ်ခြံထဲ မသွားရဲ မလာရဲတော့လို့ စားဝတ်နေရေး အခက်အခဲ ရှိလာကြတာကြောင့် မြေမြှုပ်မိုင်းတွေကို အမြန်ဆုံး ဖယ်ရှားရှင်းလင်းပေးဖို့ ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်တင်စန်း ပြောပါတယ်။ မြေမြှုပ်မိုင်း မကြာခဏ ပေါက်ကွဲနေမှုကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မွန်ပြည်သစ်ပါတီ NMSP တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး ဖြေရှင်းပေးဖို့ မွန်အရပ်ဘက်အဖွဲ့အစည်း ကွန်ရက်တွေကလည်း တောင်းဆိုထားပါတယ်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) အရ ပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ မြေမြှုပ်မိုင်းထောင်းတာတွေရပ်ဖို့နဲ့ မိုင်းကင်းစင်ရေး နယ်မြေတွေ သတ်မှတ်ဖော်ဆောင်ကြဖို့ သဘောတူထားပါတယ်။  သတင်း-ဇော်လွင်ထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024