မြဝတီမြို့တွင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၈ ဦးဖမ်းမိ
DVB
·
June 12, 2020
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဇွန်လ ၁၁ ရက်က ဖြတ်သန်းသွားလာတဲ့ မော်တော်ကား၊ မော်တော်ဆိုင်ကယ်တွေကို သက်ဆိုင်ရာက လက်နက်ခဲယမ်းနဲ့ မူးယစ်ဆေး စစ်ဆေးရာမှာ မြန်မာပြည်ဝင်ခွင့် ဗီဇာ မပါရှိတဲ့ တရုတ်နိုင်ငံသား ၈ ဦးကို ဖမ်းမိခဲ့ပါတယ်။
မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်၊ အာရှလမ်း မြေနီကုန်းလမ်းဆုံမှာ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်ကတာဝန်ရှိသူတွေပူးပေါင်းပြီး စစ်ဆေးနေချိန်မှာ သင်္ဃန်းညီနောင်ဘက်မှ မြဝတီမြို့ဘက်သို့မောင်းလာတဲ့ ယာဉ်နှစ်စီးပေါ်မှာ တရုတ်နိုင်ငံသား Mr Kang Kezhang အသက် ၃၀ နှစ် အပါအဝင် အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၈ ဦးကိုတွေ့ရှိခဲ့တာပါ။
စစ်ဆေးမေးမြန်းချက်အရ ကျား ၅ ဦးနဲ့ မ ၁ ဦးတို့မှာ နိုင်ငံကူးလက်မှတ်ပတ်စ်ပို့ပါရှိပေမဲ့ ပြည်ဝင်ခွင့် ဗီဇာ မပါရှိတာတွေ့ရပြီး ကျန်သူ ၂ ဦးကတော့ ပတ်စ်ပို့ရော ဗီဇာပါ မပါရှိတာတွေ့ရပါတယ်။
အဆိုပါတရုတ်နိုင်ငံသားတွေဟာ ရှမ်းပြည်နယ်၊ လားရှိုးမြို့ဘက်မှ မြဝတီမြို့ဘက်သို့ တင်ဆောင်လာတာဖြစ်ပြီး မြဝတီခရိုင်(လဝက)ရုံးမှာ စစ်ဆေးနေကာ ခိုင်လုံတဲ့ အထောက်အထား မရှိပါက (လဝက)ရုံးတော်မှ မြဝတီမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူမယ်လို့ သိရပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့ပေါ်မှာ ဇွန်လ ၉ ရက်ညမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် နယ်မြေလုံခြုံရေးတင်းကျပ်ဆောင်ရွက်နေတာဖြစ်ပါတယ်။
ဖိုးစီ