သံလျင်မြို့နေ အိန္ဒိယက ပြန်လာသူ ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

ဇွန် ၁၁ ရက်နေ့အတွက် ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၈၉၉ ခု အားစစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ် ၁ ဦး တွေ့ရှိတယ်လို့ ကျန်မာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၆၅၃ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) က ဓာတ်ခွဲနမူနာ ၉၈ ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး၊ ခုတင် ၁၀၀၀ က ဓာတ်ခွဲနမူနာ ၁၄၈ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၈၉၉ ခုအား စစ်ဆေးခဲ့ပြီး လူနာသစ် ၁ ဦး တွေ့ရှိခဲ့တာပါ။ အသက် ၆၀ အရွယ် သန်လျင်မြို့နယ်နေ လူနာသစ် အမှတ် ၂၆၁ ဟာ အိန္ဒိယနိုင်ငံက ပြလာသူဖြစ်ပြီး တောင်ဒဂုံမြို့နယ်မှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူဖြစ်ပါတယ်။ လက်ရှိမှာတော့ လူနာအမှတ် ၂၆၁ ကို တောင်ဉက္ကလာပ အထူးကုဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစေမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မနေ့ညက ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၁,၂၉၇ ခုကို စစ်ဆေးချက်ရ အိန္ဒိယနိုင်ငံက ပြန်လာသူ ၁၀ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာသူ ၁ ဦး မှာ ကိုဗစ်-၁၉ ရောဂါ ထပ်မံစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ လူနာသစ်တွေကတော့ ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်က  ၄ ဦး၊ တာမွေမြို့နယ်က ၃ ဦး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်က ၃ ဦးနဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က အသက် ၂၆ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ် ပြန် အမျိုးသား ၁ ဦးတို့ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း  ၂၆၁ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ်ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ  ၁၆၅ ဦးရှိပြီး ဒီအထဲက  ၁၅၀ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up