DVB Logo
Home
မြန်မာသတင်း
မြ၀တီသတင်းစာပါ စွပ်စွဲချက် ရှမ်းပြည်တပ်မတော် ပယ်ချ
DVB
·
May 13, 2013
Donate to DVB

ပြီးခဲ့တဲ့ရက်ပိုင်းက ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်တပ်ပိုင် မြ၀တီသတင်းစာပါ ဖော်ပြချက်ကို အက်စ်အက်စ်အေတောင်ပိုင်းအဖွဲ့က ပယ်ချလိုက်ပါတယ်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ဟာ ငြိမ်းချမ်းရေးသဘောတူညီချက်မှာ ပါဝင်တဲ့ မုံးထော၊ မုံးထ နယ်မြေထဲ မပါဝင်ဘဲ နယ်မြေချဲ့ထွင် တပ်စွဲတဲ့အတွက် စစ်တပ်က ၀င်ရောက်တိုက်ခိုက် ရှင်းလင်းခဲ့ရတယ်ဆိုပြီး မြ၀တီသတင်းက ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ပြောခွင့်ရ ဗိုလ်ကြီး စိုင်းဆိုင်မိုင်းက “သတင်းစာအနေနဲ့ ကျနော်တို့ သဘောတူညီချက်တွေကို ပြန်လေ့လာစေချင်ပါတယ်။ ကျနော်တို့တပ်တွေရှိရာနေရာကို ဖော်ပြခဲ့တယ်၊ မြောက်ပိုင်းမှာရှိတဲ့အကြောင်း ဖော်ပြတယ်။ အဲအချိန်မှာ တပ်မတော်ဘက်ကလည်း ပါတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ရော၊ ရှမ်းပြည်အစိုးရအဖွဲ့ရော တပ်နေရာချထားတုန်းက ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ အစိုးရဘက်က သတ်မှတ်ပေးခဲ့တဲ့နေရာတွေဖြစ်တယ်။ ပြုစုပျိုးထောင်ရေးလုပ်ဖို့ပေါ့” လို့ ပြောပါတယ်။

ဒါ့အပြင် မူဆယ်မြို့နယ် နောင်ဟင်ရွာမှာ ဓာတ်ပုံကားချပ်ရောင်းရင်း အပစ်ခံရ၊ အဖမ်းခံရတယ်ဆိုတဲ့ လူ ၅ ဦးနဲ့ ပတ်သက်ပြီးလည်း ရှမ်းတပ်အနေနဲ့ မသိရဘူးလို့ ဆိုပါတယ်။

အစိုးရတပ်ဘက်က သက်သေအထောက်အထားမရှိဘဲ စွပ်စွဲပြောဆိုနေမယ့်အစား နယ်မြေခံ ရဲစခန်းမှာ လူပျောက်တိုင်ချက်ဖွင့်ထားသင့်ပြီး ရှမ်းတပ်ကိုလည်း ကူညီရှာဖွေပေးဖို့ ဆက်ဆံရေးရုံးကနေတဆင့်  ညှိနှိုင်းနိုင်တယ်လို့ ဗိုလ်ကြီး စိုင်းဆိုင်မိုင်းက ပြောပါတယ်။

ဒါပေမယ့် မေ ၅ ရက်နေ့မှာ အစိုးရတပ်က လူပျောက်ရှာမယ်ဆိုပြီး တင်းခါးကျေးရွာ တပ်စခန်းကနေ သူတို့ကို ဖယ်ခိုင်းတဲ့အတွက် ဖယ်ပေးလိုက်ပြီးနောက်  အစိုးရတပ်က စခန်းကို  မီးရှိုဖျက်ဆီးခဲ့တယ်လို့ ဗိုလ်ကြီး စိုင်းဆိုင်မိုင်းက ပြောပါတယ်။

သတင်းမှာ ပါရှိတဲ့ လူသစ်အဓမ္မ စုဆောင်းတာ၊ ဆက်ကြေးနဲ့ အခွန်အခ မတရားကောက်ခံတယ်ဆိုတဲ့ အချက်တွေလည်း ရှမ်းပြည်တပ်မတော်က ငြင်းဆိုပါတယ်။

နိုင်ငံပိုင် သတင်းဌာနကပါ ဒီလို မဟုတ်မမှန်သတင်းတွေ ဖော်ပြနေမယ်ဆိုရင် ပြည်သူလူထုရဲ့ ယုံကြည်မှုကို ရရှိမှာ မဟုတ်သလို ထာဝရငြိမ်းချမ်းရေးတည်ဆောက်ဖို့ ကြိုးစားနေတဲ့  တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ကြားမှာလည်း ယုံကြည်မှုတည်ဆောက်ဖို့ရာ အင်မတန်ခက်ခဲသွားမယ်လို့ ဗိုလ်ကြီး စိုင်းဆိုင်မိုင်းက ပြောပါတယ်။

မေ ၉ ရက်နေ့ကလည်း  အစိုးရတပ် အင်အား ၅၀၀ ကျော်က နမ့်ခမ်းမြို့နယ် ဆစ်ကောဝ့်ဝမ့် ကျေးရွာအုပ်စုထဲမှာ ရှိတဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ နောင်မတပ်စခန်းကို ၀င်ရောက်တိုက်ခိုက်တဲ့အတွက်  ဆုတ်ခွာပေးခဲ့ရပြီး အနီးအနားက ရွာသား ၂၀၀၀ ကျော် နမ့်ခမ်းမြို့ပေါ်နဲ့ တရုတ်နယ်စပ်ဘက်  ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။

ထိုင်း-မြန်မာနယ်စပ် လွိုင်တိုင်းလျဲန်းအခြေစိုက် ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ဟာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလကစပြီး အစိုးရနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်မှာပါ အပစ်အခတ်ရပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမယ့်လည်း တိုက်ပွဲတွေ အကြိမ်ပေါင်း ၆၀ နီးပါး ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013