ကိုဗစ်ကပ်ဘေးကာလ ကျေးလက်ကျန်းမာရေးဌာနခွဲများတည်ဆောက်မှု နှောင့်နှေးနေဟု ကယားပြည်နယ်ဝန်ကြီးပြော

ကယားပြည်နယ်အတွင်းက ကျေးလက်ကျန်းမာရေးဌာနခွဲတွေ တည်ဆောက်မှု သတ်မှတ်အချိန်အတွင်း မပြီးစီးဘဲ နှောင့်နှေးနေတဲ့ကိစ္စ   ပြည်နယ်အစိုးရ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက ပြည်နယ်လွှတ်တော်မှာ ရှင်းလင်း ပြောကြားပါတယ်။ ဒီလိုနှောင့်နှေးရတာဟာ တင်ဒါလျှောက်ထားမှုမရှိတာ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာနဲ့ ကိုဗစ်-၁၉ ကပ်ဘေးကာလအခက်အခဲကြောင့်ဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေးက ပြောပါတယ်။ ဇွန်လ ၁၁ ရက် ကယားပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ပြည်သူ့ ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မီတီရဲ့  ၄ နှစ်တာလုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာနဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာ ထည့်သွင်းပြောဆိုသွားတာပါ။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း ရှားတောမြို့နယ် တင်လွယ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ဖရူဆိုမြို့နယ် လျားဒူကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲနဲ့ ခေါပရာကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲတွေ တည်ဆောက်တဲ့နေရာမှာ ဘတ်ဂျက်နှစ်အတွက် ဆောင်ရွက်ပြီးစီးတာမရှိဘူးလို့လည်း ပြည်သူ့ငွေစာရင်း ကော်မတီက  မနေ့က လွှတ်တော်မှာ အစီရင်ခံထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက “ ရှားတောမြို့နယ် တင်လွယ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲတည်ဆောက်မှုနဲ့ပတ်သက်ပြီးတော့ April star ကုမ္ပဏီက တာဝန်ယူတည်ဆောက်တာဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးအရ အခက်ခဲဆုံးဒေသဖြစ်တဲ့အပြင်  ယင်းဒေသဟာ ကေအန်ပီပီနယ်မြေဒေသဖြစ်တဲ့အ တွက်ကြောင့်မို့လို့ တင်ဒါခေါ်ယူစဉ်က လျှောက်ထားတဲ့သူမရှိ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ဆောင်ရွက်ပေးနိုင်တဲ့ ကုမ္ပဏီများကို ညှိနှိုင်းနေရတဲ့အချိန်မှာ စာချုပ်ချုပ်ဆိုချိန်နဲ့ လုပ်ငန်းစတင်ချိန်နောက်ကျခဲ့ရပါတယ်။”လို့ ပြောပါတယ်။ တင်ဒါလာမလျှောက်တဲ့လုပ်ငန်း  ၈ ခုရှိပြီး ဘဏ္ဍာရန်ပုံငွေ ပြန်အပ်ပါက ကယားပြည်နယ်အတွက် ကျေးလက်ကျန်းမာရေးဌာနခွဲ ၈ ခုနှစ်နာသွားမှာဖြစ်တဲ့အတွက်  ဆောင်ရွက်နိုင်တဲ့ကုမ္ပဏီတွေကို ညှိနှိုင်းရှာဖွေပြီး စာချုပ်ချုပ်ဆိုခဲ့ရတဲ့အတွက် လုပ်ငန်းစတင်ချိန်နောက်ကျခဲ့ရတယ်လို့လည်း ဝန်ကြီးက ရှင်းပြပါတယ်။ “မိုးတွင်းကာလ ဆောက်လုပ်ရေးပစ္စည်းတွေသယ်ယူတဲ့နေရာမှာ တချို့နေရာမှာ လူဖြင့်သယ်ယူပို့ဆောင်ရလို့ ကုန်ကျစရိတ်များတာအပြင် အချိန်နှောင့် နှေးမှုရှိခဲ့တာကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ ပွင့်လင်းရာသီ လုပ်ငန်း ပြီးစီးအောင် ဆောင်ရွက်ရမယ့်အချိန်ကာလမှာလည်း ကိုဗစ် ကမ္ဘာ့ကူးစက်ကပ်ရောဂါကာလနဲ့ မထင်မှတ်ဘဲ တိုက်ဆိုင်နေတဲ့အတွက်ကြောင့်မို့လို့ လုပ်သားအခက်အခဲဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ လုပ်ငန်းများနောက်နှေးခဲ့ရပါတယ်”လို့ ဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။ အလားတူ ဖရူဆိုမြို့နယ် လျားဒူကျေးရွာနဲ့  ခေါပရာကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆောက်လုပ်တဲ့နေရာမှာလည်း တင်ဒါခေါ်ယူစဉ်က လျှောက်ထားသူမရှိတာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာနဲ့ ကိုဗစ်-၁၉ ကပ်ဘေးကာလနဲ့ တိုက်ဆိုင်တဲ့အတွက် လုပ်ငန်းမပြီးစီးတာလို့  ပြောဆိုသွားပါတယ်။ ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီရဲ့  ၄ နှစ်တာလုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှာတော့  တင်ဒါအောင်လုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးမှုမရှိသေးဘဲ သက်ဆိုင်ရာဌာနတွေက ငွေထုတ်ပေးနေတာဟာ မဖြစ်သင့်ကြောင်းနဲ့ အဆိုပါကိစ္စကို တိုင်ကြားသူရှိလို့ စစ်ဆေးပါက ပြည်သူ့ဘဏ္ဍာ အလွဲသုံစားတာဖြစ်လို့ အဂတိလိုက်စားမှုဥပဒေနဲ့ ညိစွန်းနေတာကို သတိချပ်စေလိုတယ်လို့ ထောက်ပြထားပါတယ်။ PHOTO- ကယားပြည်နယ်လွှတ်တော်

//
More News
Up