Home
မြန်မာသတင်း
စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံကို  ဩဂုတ်လတွင် ကျင်းပရန် အပစ်ရပ်အဖွဲ့များအဆိုပြု
ဇေယျာချမ်းအေး
·
June 11, 2020
စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံကို  ဩဂုတ်လမှာကျင်းပဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပြန်လည်အဆိုပြုလိုက်ပါတယ်။  စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံကို ဇူလိုင်လအတွင်းမှာ ကျင်းပဖို့ အစိုးရက မေလ ၂၉ရက်နေ့မှာ အဆိုပြုထားတာကို  အန်စီအေ လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က အဆင်သင့် မဖြစ်သေးတဲ့အတွက် ဩဂုတ်လမှာကျင်းပဖို့ ပြန်လည်အဆိုပြုတာလို့ လက်နက်ကိုင်အဖွဲ့ တွေဘက်က ပြောပါတယ်။ အန်စီအေ လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ဇူလိုင် ၁၀ ရက်နေ့မှာ အစည်းအဝေးပြုလုပ်ခဲ့ပြီး ဇူလိုင် ၁၁ ရက်နေ့မှာ သတင်းစာရှင်းပွဲပြုလုပ် ပြောကြားလိုက်တာပါ။ ဇွန်၂၃၊ ၂၄၊ ၂၅  ရက်နေ့တွေမှာ  အစိုးရနဲ့ EAOတွေ အွန်လိုင်းအစည်းအဝေးပြုလုပ်ပြီး ညှိနှိုင်းသွားမယ်လို့  အန်စီအေ ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ် ရဲဘော်မျိုးဝင်းက ပြောပါတယ်။ နိုဝင်ဘာလမှာ ရွေးကောက်ပွဲကျင်းပပြီး လာမယ့်နှစ်မှာ အစိုးရအပြောင်းအလဲဖြစ်လာတော့မှာ ဖြစ်တဲ့အတွက် အခုကျင်းပမယ့် ၂၁ရာစုပင်လုံဟာ အရေးကြီးနေတာပါ။ စတုတ္ထအကြိမ် ၂၁ရာစု ပင်လုံမှာ လက်ရှိ ကိုဗစ်-၁၉ ရောဂါပြဿနာကြောင့် ပါဝင်ဆွေးနွေးသူ အရေအတွက်ကို သုံးပုံတစ်ပုံနီးပါး လျှော့ချသွားဖို့ အစိုးရက အဆိုပြုထားပါတယ်။ ဒီအချက်ကိုလည်း အစိုးရနဲ့ ပြန်လည်ညှိနှိုင်းသွားမယ်လို့ ရဲဘော်မျိုးဝင်းက ပြောပါတယ်။ အစိုးရ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ သဘောတူညီချက်တွေအရ လာမယ့် ၂၁ ရာစုပင်လုံမှာ ပြည်ထောင်စု သဘောတူစာချုပ် အပိုင်း ၃ ကို လက်မှတ်ရေးထိုးသွားဖို့ ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024