Home
မြန်မာသတင်း
ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ လူနာတွေ့သဖြင့် ကျန်းမာရေးစည်းကမ်းတင်းကျပ် 
DVB
·
June 11, 2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြ ကျေးရွာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိတဲ့အတွက် မြို့ဝင်ဂိတ်စစ်ဆေးတာနဲ့ mask မတပ်သူကို ဒဏ်ရိုက်တာကို ပြုလုပ်နေပါတယ်။ ကိုဗစ်-၁၉ ပိုးတွေ့လူနာက ပြည်ပခရီးသွားလာခြင်းမရှိသလို ရောဂါရှိသူနဲ့ထိတွေ့မှုမရှိပဲ ပြည်တွင်းမှာသာ ရောဂါကူးစက်တဲ့အတွက် ရောဂါနောက်ထပ်မကူးစက်ဖို့ပြုလုပ်တာဖြစ်ပါတယ်။ ဆီဆိုင်မြို့ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က “ဒီနေ့ မနက်မှာပဲ စျေးထဲမှာ mask ကမ်ပိန်းပြုလုပ်တယ်။ ကျန်းမာရေးအသိပိုစတာတွေ mask တွေဝေပေးတယ်၊ မနေ့ကတည်းက ပြည်သူတွေကို အသိပေးထားတယ်။ အိမ်ပြင်ထွက် mask မတပ်ရင် ဒဏ်ငွေတစ်ထောင်ရိုက်မယ်ဆိုတာ။ ဒီနေ့စမှာဖြစ်တယ် ဒီဒဏ်ငွေ တစ်ထောင်လည်း ကိုဗစ်မှာလိုတဲ့နေရာ ပြန်သုံးမယ်လို့ အစည်းအဝေးမှာဆုံးဖြတ်ပြီးဆောင်ရွက်နေတယ်”လို့ ပြောပါတယ်။ ကိုဗစ်-၁၉ လူနာအမှတ် ၂၄၅ နေထိုင်တဲ့ ဆိုက်ခေါင်စံပြကျေးရွာ တံတားဦးရပ်ကွက်နဲ့ ညောင်ပင်သာရပ်ကွက်ကို simi Lockdown ချထားပြီး အဲဒီရပ်ကွက်က လူထုတွေ စားဝတ်နေရေးအတွက် ထောက်ပံ့ပေးအပ်ပါတယ်။ ဒါ့အပြင် ရွာမှာရှိတဲ့ ဈေးကိုလည်း ယာယီ ပိတ်ထားလိုက်ပါတယ်။ လူတွေက ရောဂါဖြစ်ဖြစ်ချင်းမှာ ကြောက်ကြပေမယ့် နောက်ရက်မှာ ချက်ချင်းဆိုသလို မကြောက်ကြဘဲပုံမှန်သွားလာနေကြတယ်လို့ ဆီဆိုင်မြို့ ဒေသခံ ဦးစံဝင်းမောင်က ပြောပါတယ်။ “အလုပ်လုပ်သူတွေ စျေးထဲလာသူတွေကတော့ ၉၀ ရာခိုင်နှုန်းက mask မတပ်ကြတာ တွေ့ရတယ်။ အတည်ပြုလူနာထုတ်ပြန်တာနဲ့လူတွေက ချက်ချင်းပဲ အုတ်အုတ်ကျက်ကျက် ဖြစ်သွားတယ်။ ဖုန်းတွေလည်းဆက်ကြတယ်။ မေးတယ်မြန်းတယ်ပေါ့။ သို့ပေမဲ့ နောက်နေ့မှာ သိပ်ပြီး စိုးရိမ်ကြီးတဲ့အနေအထားမရှိတော့ဘူးလို့ယူဆရတယ်။ ဒီနေ့မနက်မှာ စျေးလာသူတွေ ၁၀ ယောက်မှာ ၉ ယောက်က mask မတပ်ကြတာတွေ့ရတယ်။ အဲတော့ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီအနေနဲ့ ပိုပြီးတိကျတဲ့ ထိရောက်တဲ့ ကာကွယ်ဆောင်ရွက်မှု လုပ်သင့်တယ်” လို့ ပြောပါတယ်။ လူနာအမှတ် ၂၄၅ နဲ့ အနီးကပ်ထိတွေ့ခဲ့သူ ၈ ဦးကိုလည်း အသွားအလာကန့်သတ်လုပ်ပြီး ဓာတ်ခွဲနမူနာယူပြီးစစ်ဆေးသွားမယ်လို့ သိရပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဇွန်လ ၉ ရက်ထုတ်ပြန်တဲ့သတင်းအရ ကိုဗစ်-၁၉ အတည်ပြု လူနာအမှတ် ၂၄၅ ဟာ ဆိုက်ခေါင်စံပြ ကျေးရွာမှာနေထိုင်တဲ့ အမျိုးသားဖြစ်ပြီး စဝ်စံထွန်း ဆေးရုံသို့ လွဲပြောင်းကုသပေးနေပါတယ်။ ကိုဗစ်-၁၉ လူနာအမှတ် ၂၄၅ ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမှာ သွားရောက်အလုပ်လုပ်သူဖြစ်ပြီး ဆိုက်ခေါင်ရွာကို မေလ ၂၁ ရက်က ပြန်လည်ရောက်ရှိကာ အသွားအလာကန့်သတ် ခံထားရသူ ဖြစ်ပါတယ်။ သတင်း- ခွန်ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024