တရားစွဲထားသည့်အမှုပြီးပြတ်ရန် ဦးဝီရသူအပေါ် မူတည်နေဟု သာသနာရေးဒုဝန်ကြီးပြော
DVB
·
June 11, 2020
အစိုးရက တရားစွဲထားတဲ့အမှုကိစ္စ ပြီးပြတ်ဖို့က ဦးဝီရသူ အပေါ်မှာပဲ မူတည်နေတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စု ဒုတိယဝန်ကြီး ဦးကြည်မင်းက ပြောကြားလိုက်ပါတယ်။
ဇွန်လ ၁၀ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမမှာ ကျင်းပတဲ့ ဝန်ကြီးဌာနတွေရဲ့ ပြည်သူ့ အတွက် စတုတ္ထ (၁) နှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့မှုတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။
ဒုဝန်ကြီး ဦးကြည်မင်း" ဆရာတော်ဦးဝီရသူနဲ့ပတ်သက်တာကတော့ ဖြစ်ပေါ်နေတဲ့ကိစ္စပေါ် မူတည်ပြီးတော့မှ တရားစွဲဆိုထားတဲ့ အနေအထားရှိတာပေါ့။ ရှိတဲ့အနေအထားမှာ တော့ ခုချိန်မှာဘဲ သူသည် ဒီဟာကို ရင်မဆိုင်ဘဲနဲ့ ထွက်ပြေးတိမ်းရှောင်နေတာရှိပါတယ်။ ဒီပေါ်မှာတော့ ဘာဘဲ ပြောပြောလေ ထွက်ပြေးလွတ်မြောက်နေ တာတော့ သူ့ရဲ့အပိုင်းပေါ့။ သူ့ကိုလာပြီး အဖမ်းခံပါ ဘယ်လိုဘဲပြောပြော သူကိုယ်တိုင်ဒီကိစ္စကို ဖြေရှင်းမှသာလျှင်ရမယ်။ ဒါကြောင့်မို့ ဥပဒေနဲ့ ပတ်သက်တဲ့ကိစ္စကတော့ ကာယကံရှင် ဦးဝီရသူ အပေါ်ဘဲမူတည်ပါတယ်ဆိုတာ ကျနော်တို့ ပြောကြားလိုပါတယ်။ "လို့ ပြောပါတယ်။
ရန်ကုန်နဲ့မြိတ်မြို့မှာ ကျင်းပခဲ့တဲ့ ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး ဟောပြောပွဲတွေမှာ ဦးဝီရသူရဲ့ ဟောပြောချက်တွေဟာ နိုင်ငံတော်အကြီးအကဲတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး ဦးဝီရသူကို ပုဒ်မ ၁၂၄ (က) နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်၊ ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက တရားလို ပြုလုပ် တရားစွဲထားတာ ဖြစ်ပါတယ်။
ဦးဝီရသူက အဖမ်းမခံဘဲ ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် အမှုကို မျက်ကွယ်မှာ စစ်ဆေးနေသလို ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်မှာ သူပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ချိပ်ပိတ်ဝရမ်းကပ်ဖို့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ထားတာပါ။
ဦးဝီရသူနဲ့ ဦးလှဆွေတို့ကို အမှုဖွင့်တိုင်ကြားထားပေမဲ့ ခုချိန်အထိ ဖမ်းဆီးရမိခြင်းမရှိသေးတဲ့ အပေါ် မနေ့က သတင်းစာရှင်းလင်းပွဲမှာ သတင်းမီဒီယာတွေက မြန်းခဲ့ရာမှာလည်း ဝန်ကြီးက ဖြေကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင်ဘုန်းကြီးကျောင်းဝင်းတွေအတွင်း လူနေအိမ်တည်ဆောက်မှုအပေါ် အရေးယူဆောင် ရွက်နေတဲ့အခြေအနေ၊ ဘုရားစေတီပုထိုးတွေ ပြန်လည်ဖွင့်လှစ်မယ့် အချိန်ကာလ၊ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်အောင် ကြိုးပမ်းနေတဲ့ကိစ္စတွေကိုလည်း ဒုတိယဝန်ကြီး ဦးကြည်မင်းက ရှင်းလင်းပြောကြားခဲ့ပါတယ်။