မုန်တိုင်းသတင်း (မိုးဇလ)
DVB
·
May 13, 2013
၂၀၁၃ခုနှစ်၊ မေလ (၁၃) ရက်နေ့ မြန်မာစံတော်ချိန် (၁၃း၀၀) နာရီ အချိန်ထုတ်ပြန်ချက်
ယနေ့ မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မဟာစင် (MAHASEN) အမည်ရှိ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံ ကိုကိုးကျွန်း၏ အနောက်တောင်ဘက် မိုင် ၄၁၀ ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၅၄၀ ခန့်၊ ကျောက်ဖြူမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၅၉၀ ခန့်၊ အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့ ၏ အရှေ့တောင်ဘက်မိုင် ၃၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
အဆိုပါဆိုင်ကလုန်း မုန်တိုင်းသည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ မုန်တိုင်းဗဟိုချက်အနီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ မိုင် ၆၀ အထိ ရှိနိုင်ပါသည်။
ဆိုင်ကလုန်းမုန်တိုင်းရဲ့ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်နဲ့ မြေပြင် လေသည် ၁ နာရီ လျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ အ၀ါရောင်အဆင့်သာ ရှိသော်လည်း နောက်ဆုံးတိုင်းထွာရရှိသောခန့်မှန်းချက်အရ မေ ၁၆ ရက်နေ့ ညပိုင်းခန့်တွင် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းကမ်းခြေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေဒေသများဆီသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းရပါသည်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များနဲ့ သင်္ဘောများအနေဖြင့် မုန်တိုင်းအန္တရာယ်ရှောင်ရှားရန် လိုအပ်ကြောင်း အကြံပြုအပ်ပါသည်။