မိုးမောက်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁ ဦး တွေ့ရှိ

ဇွန် ၁၀ ရက်နေ့အတွက် ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၈၂၈ ခုအား စစ်ဆေးချက်အရ ကချင်ပြည်နယ် မိုးမောက်မြို့နယ်က အသက် ၂၄ နှစ်အရွယ် အမျိုးသမီး ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) က ဓာတ်ခွဲနမူနာ ၅၅၄ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၂၇၄ ခု၊ စုစုပေါင်း ၈၂၈ ခု အား ဒီနေ့မနက်ပိုင်း စစ်ဆေးပြီးစီးခဲ့တာလို့ ဆိုပါတယ်။ လူနာသစ် အမှတ် ၂၄၉ ဟာ ပြည်ပခရီးသွားလာတာမရှိသလို ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့မှုမရှိခဲ့ဘဲ အသွားအလတ် ကန့်သတ်ထားသူတဦးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ လူနာကို ဗန်းမော်မြို့ ပြည်သူ့ဆေးရုံးမှာ ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်။ မနေ့ညက ဓာတ်ခွဲနမူနာ ၇၈၅ ခု စစ်ဆေးချက်အရလည်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ကိုဗစ်-၁၉ လူနာသစ် ၂ ဦးထပ်မံ စစ်ဆေးတွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အဆိုပါလူနာသစ် ၂ ဦးကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာတဲ့  အသက် ၄၆ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ အသက် ၃၂ နှစ် အရွယ် အမျိုးသား ၁ ဦးတို့ဖြစ်ကြပြီး နှစ်ဦးစလုံးဟာ မောင်တောမြို့နယ်မှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ခံထားရသူတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၂၄၉ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၁၆၅ ဦးနဲ့ ဒီအထဲက ၁၄၈ ဦး ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်တယ်လို ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up