ဒေးဗစ်လားအမှု မျက်မြင်သက်သေမပြနိုင်ဟု ရှေ့နေပြော

ခရစ်ယာန် တရားဟောဆရာ ဒေးဗစ်လားအမှုမှာ လူစုလူဝေးပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို တရားလိုနဲ့ လိုပြသက်သေတွေက  မျက်မြင်သက်သေမပြနိုင်ဘူးလို့ ဒေးဗစ်လားရဲ့ရှေ့နေက ပြောပါတယ်။ သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ တရားစွဲခံထားရတဲ့ ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းပိုင်ရှင် ဦးဝေထွန်းတို့ဟာ ဇွန်လ ၁၀ ရက်နေ့က မရမ်းကုန်းမြို့နယ် တရားရုံးမှာ စတုတ္ထမြောက်ရုံးချိန်းကိုရင်ဆိုင်နေရတာပါ။ တတိယရုံးချိန်းကို ဇွန်လ ၈ ရက်နေ့က ချိန်းဆိုခဲ့တာဖြစ်ပြီး တစ်ပတ်အတွင်း နှစ်ကြိမ် ချိန်းဆို စစ်ဆေးခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ စတုတ္ထရုံးချိန်းမှာ တရားစွဲခံရသူ ဦးဝေထွန်းရဲ့ဖခင်ကို တရားလိုပြသက်သေစာရင်းမှာ ထည့်သွင်းပြီး တရားရုံးကစစ်ဆေးခဲ့ပါတယ်။ ဒီနေ့မှာ တရားလိုအပါအဝင် လေးဦးကို တရားရုံးက စစ်ဆေးခဲ့ပြီး ဘယ်သူကမှ လူစုလူဝေး ပြုလုပ်ခဲ့တယ်ဆိုတာ မျက်မြင်အနေနဲ့ သက်သေမပြနိုင်ခဲ့ဘူးလို့ ‌ဒေးဗစ်လားရဲ့ရှေ့နေ ဦးအောင်ကြည်ဝင်းက ရုံးချိန်းအပြီးမှာ ပြောပါတယ်။ ဒီအမှုဟာ အများပြည်သူစိတ်ဝင်စားနေပြီး အရေးကြီးတဲ့အတွက် ရက်ပေါင်း ၉၀ အတွင်း အပြီးသတ်စစ်မယ်လို့ မရမ်းကုန်းမြို့နယ် တရားသူကြီးဦးမိုးဆွေက ပြောထားပါတယ်။ ဒီအမှုအတွက် တရားလိုအပါအဝင် လိုပြသက်သေ ၁၄ ဦးအထိတရားရုံးကို တင်သွင်းထားပြီး စစ်ဆေးသွားမှာပါ။ ဒုတိယရုံးချိန်းတုန်းက ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့က အာမခံတင်သွင်းခဲ့ပေမယ့် တရားရုံးက ပယ်ချခဲ့ပါတယ်။ ဇွန်လ ၈ ရက် တတိယရုံးချိန်းတုန်းက တရားလို မရမ်းကုန်းမြို့နယ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးက တရားလိုသက်သေ ဗီဒီယိုဖိုင်တွေတင်သွင်းခဲ့ပြီး တရားရုံးက သက်သေအဖြစ် လက်ခံခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up