Home
မြန်မာသတင်း
နမ့်စန်တောင်သူ ၄၇ ဦးကို တပ်မတော်က တရားစွဲ
နန်းမြနဒီ
·
June 10, 2020
ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့နယ်ခွဲရှိ  ဒေသခံတောင်သူ ၄၇ ဦးကို  စစ်တပ်ပိုင်မြေပေါ် ဝင်ရောက်ထွန်ယက်စိုက်ပျိုးတယ်ဆိုပြီး တပ်မတော်က တရားစွဲထားပါတယ်။  အဆိုပါတောင်သူတွေဟာ သူတို့ နှစ်စဉ်စိုက်ပျိုးနေကျ စပါး၊ ပြောင်းနဲ့ ရာသီစာသီးနှံတွေ စိုက်ပျိုးရာမှာ ခိုလမ်အခြေစိုက် အမှတ် ၆၆ ခြေလျင်တပ်ရင်းက တပ်ပိုင်မြေထဲဝင်စိုက်တယ်လို့ စွပ်စွဲပြီး မြေယာကျူးကျော်မှု ပုဒ်မ ၄၄၇ နဲ့ တရားစွဲဆိုခဲ့တာလို့  တရားစွဲခံရသူ တောင်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။  “ကျနော်တို့ စိုက်စားလာတာ အဖေ အမေတို့ လက်ထက်ကတည်းက။ အခု ကျနော်တို့လက်ထက် နှစ်ပေါင်း ၄၀ ကျော်၊  ခလရ ၆၆ မလာခင်ကတည်းကလေ။  တချို့ဆို ဟိုး ခွန်ဆာလက်ထက်ကတည်းက တိုက်ပွဲဖြစ် ရွာပြောင်းခံရပြီး ဒီမှာလာစိုက်စားတာ။ အဲဒါ စစ်တပ်မြေဆိုတာကို မနှစ် ၈ လပိုင်းကမှ အထွေထွေအုပ်ချုပ်ရေးရုံးက ခေါ်ပြောတယ်။ ဝမ်းရေးအရ ကျနော်တို့လည်း စိုက်ရတာပဲ၊ အခုဆိုရင် တချို့အခင်းက စပါးပင်တွေ ပေါက်လို့ ကြီးနေပြီ” မနေ့ကတော့ တောင်သူတွေကို ရဲကနေတဆင့် နမ့်စန်တရားရုံးကို ခေါ်စစ် ဝန်ခံခိုင်းခဲ့ပြီး တောင်သူတွေက ရှင်းပြရာမှာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး တရားရုံးက နောက်တပတ် ၁၈ ရက်နေ့မှာ ရုံးချိန်း ပြန်ချိန်းထားပါတယ်။ တရားစွဲခံ တောင်သူတွေကို ကူညီပေးနေတဲ့  နမ့်စန်မြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးနေဇော်နိုင်က “လယ်ယာမြေသိမ်းတဲ့ကိစ္စ တပြည်လုံးမှာလည်း ဒီပုဒ်မ ၄၄၇ နဲ့ပဲစွဲကြတာကို။ ကျနော်တို့ကတော့ ဒီတောင်သူလယ်သမားတွေဘက်ကနေပဲ ကာကွယ်ပြီး ဆောင်ရွက်ပေးမှာပါ။  လိုအပ်တဲ့ အချက်အလက်တွေ ကောက်ယူစုဆောင်းမယ်။ ပြီးတော့ လယ်ယာမြေဥပဒေ အချက်အလက်တွေရှာပြီး တရားခွင်ရင်ဆိုင်ဖို့ ရှေ့နေငှားတဲ့ကိစ္စတွေပေါ့။ ပြီးတော့ လယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီနဲ့ နေပြည်တော်က ဌာနဆိုင်ရာတွေ၊ သမ္မတအထိ စာတင်ပေးသွားမှာပါ”လို့ ပြောပါတယ်။  တောင်သူတွေ ကျူးကျော်တယ်လို့  စစ်တပ်က စွပ်စွဲထားတဲ့ မြေဧရိယာပေါင်း ၁၃၅၃ ဒသမ ၃၃ ဧက ရှိပြီး မြေလွတ်မြေရိုင်းတွေကို တပ်မြေအဖြစ်ရရှိဖို့ ပြည်ထဲရေးဝန်ကြီးဌာနကနေ ခွင့်ပြုချက်ရထားတယ်လို့ ဆိုပါတယ်။  ဓာတ်ပုံ- Ko Hla Htwe
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024