Home
မြန်မာသတင်း
စမုန်နှမ်းနက်ပေါ်ချိန် ၃ နှစ်အတွင်း  ဈေးနှုန်းအနိမ့်ဆုံးထိုးကျ 
DVB
·
June 10, 2020
စမုန်နှမ်းနက်ဈေးနှုန်းဟာ  ၃ နှစ်အတွင်း အနိမ့်ဆုံးဈေးအနေနဲ့ ကျပ် ၂ သိန်းအောက်ကို ရောက်ရှိနေတယ်လို့ မန္တလေး ကုန်စည်  ပဲ နှမ်း ဈေးကွက်ကနေ သိရပါတယ်။   မန္တလေးကုန်စည်ဒိုင်မှာ အရင်က စမုန်နှမ်းနက် ၄၅ ပိဿာပါတဲ့ သုံးတင်းဝင် တစ်အိတ်ကို ကျပ် ၂၄၀၀၀၀ ကနေ ၂၅၀၀၀၀ ကျော်ရှိခဲ့ရာကနေ ဇွန်လ ၉ ရက်နေ့ ပေါက်ဈေးအရ ကျပ်  ၁၄၀၀၀၀ ကနေ ၁၆၀၀၀၀  ကျဆင်းသွားပါတယ်။ ဒါဟာ ၃နှစ်အတွင်း အနိမ့်ဆုံးဈေးကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ စမုန်နှမ်းနက် အသစ်ပေါ်တဲ့ရာသီဖြစ်ပေမယ့် အခုနှစ်မှာ မိုးရွာသွန်းမှုနည်းတာကြောင့် အရည်သွေးလိုအပ်ချက် ရှိနေတဲ့အတွက် ခုလို ကျဆင်းတာဖြစ်တယ်လို့ ရွှေစင်သိန်းပွဲရုံကနေ သိရပါတယ်။  ရွှေစင်သိန်းပွဲရုံ ဦးကျော်သွင်က “ဒီအချိန်မှာ နှမ်းနက်ပေါ်တဲ့အချိန်ပေါ့။ ဧရာဝတီမြစ်ရိုးတလျှောက်၊ မန္တလေးတဝိုက် နှမ်းအနက်က အများဆုံးပေါ်တာ။ ပေါ်တာက ဒီလိုအချိန်မှာ ကျနေကျပါ။ ဒီနှစ်က ပိုဆိုးသွားတာက လှောင်လက်တွေက ပစ္စည်းသိပ်ကြိုက်တော့ လှောင်တဲ့လူတွေက အရောင်းဝယ်လုပ်တဲ့လူတွေ အများကြီးရှိတယ်။ ဈေးက ထိန်းသလောက်ဖြစ်သွားတာပေါ့လေ။ ဒီနှစ်က ဈေးက ထိန်းချုပ်ဖို့က လုံးဝ မရှိသလို ဖြစ်သွားတယ်။ အဲဒါကြောင့် ဒီနေ့ ဖွင့်လာတဲ့ နှမ်းရဲ့ အရည်အသွေးက လိုပါတယ်။ ဘာတွေ လိုအပ်လဲဆိုတော့ မိုးမသောက်လိုက်ရဘူး။ မိုးသောက်ရတာ နည်းတယ်ပေါ့ဗျာ။ နည်းတော့ နှမ်းကို လက်နဲ့ ညှစ်ကြည့်လိုက်တဲ့အခါမှာ ချေကြည့်လိုက်တဲ့အခါမှာ ဖွာပြီးတော့ သူ့ပါသင့်တဲ့ အရည်အသွေးပေါ့လေ။ အဆီအနှစ်တွေ မပါဘူး။ တရုတ်တွေက ဒါကို သိသွားတာလည်း ပါတာပေါ့လေ။ သိပ်မကြိုက်ကြဘူး။ ဒါကြောင့် ဈေးကို ချပြီး ဝယ်တယ်လို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။ စမုန်နှမ်းနက် အပါအဝင် အခြားနှမ်းဈေးတွေလည်း ကျဆင်းနေတယ်လို့ ပွဲစား ကုန်စည်စက်ပိုင်များ မဟာကထိန်တော်အသင်း ဒုဥက္ကဋ္ဌကပြောပါတယ်။ ပွဲစားကုန်စည်စက်ပိုင်များ မဟာကထိန်တော်အသင်း ဒုဥက္ကဋ္ဌ ဦးမျိုးဆွေက “နှမ်းအသစ်ပေါ်ခါနီးတော့ တရုတ်ကုန်သည်တွေက အသစ်ပေါ်မယ့်နှမ်းကို ဝယ်ဖို့ရာအတွက် အဟောင်းကို ဈေးချပြီးတော့ ကောက်ရင်းကနေ ဈေးကျသွားတယ်။ ခုလောလောဆယ် အသစ်က စမုံနှမ်းနက်အသစ်က ကျပ် ၁၄၅၀၀၀ နဲ့ ၁၆၀၀၀၀ ကြားမှာ အလုပ်ဖြစ်တယ်။ နှမ်းအဖြူကတော့ ၁၂၀၀၀၀ နဲ့ ၁၃၀၀၀၀ ကြားမှာ အလုပ်ဖြစ်တယ်။ သင်္ကြန်ပြီးတဲ့အချိန်တုန်းကတော့ စမုံနှမ်းနက်က ပစ္စည်းကောင်းလို့ရှိရင် ၂၁၀၀၀၀ ထိ အလုပ်ဖြစ်ထားတာကို”လို့ ပြောပါတယ်။ နှမ်းတွေကို မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ  အများဆုံးစိုက်ပျိုးတာဖြစ်ပြီး ဇွန်လနဲ့ ဇူလိုင်လတွေမှာ နှမ်းအသစ်တွေ ဈေးကွက်ဝင်ရောက်လာပြီ ဖြစ်သလို ပြည်တွင်းထွက် နှမ်းအများဆုံးကို တရုတ်နိုင်ငံကနေ  ဝယ်ယူနေတာဖြစ်ပါတယ်။ ကျော်ဇေ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024