ဆီးရီးယား သူပုန်တပ်စွဲထားသည့် ရွာများကို ရုရှား စစ်လေယာဉ်များ ဗုံးကြဲတိုက်ခိုက်

ဆီးရီးယားနိုင်ငံ အနောက်မြောက်ဘက်က သူပုန်တွေ တပ်စွဲထားတဲ့ ရွာပေါင်းများစွာကို စစ်လေယာဉ်တွေက ဇွန် ၈ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒါဟာ အကြီးစားတိုက်ပွဲတွေ ရပ်နားရေးအတွက် လွန်ခဲ့တဲ့ ၃ လက တူရကီနဲ့ ရုရှား ချုပ်ဆိုခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကျိုးပေါက်တဲ့ ပထမဆုံး လေကြောင်းတိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ အိဒလစ်ဘ်ပြည်နယ်တောင်ပိုင်းက ဂျဘယ်လ်အယ်လ်ဇာဝီယာဒေသတွင်း ရွာတွေနဲ့ ဟားမားပြည်နယ်အနောက်ပိုင်း ဆာဟယ်အယ်လ်ဂတ်ဘ်လွင်ပြင်က မြို့နှစ်မြို့ကို လေကြောင်းက တိုက်ခိုက်တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဆီးရီးယားအစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ ရုရှားစစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။ လေကြောင်းကနေ ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်လာမှာ စိုးရိမ်လို့ ရာနဲ့ချီတဲ့ အရပ်သားတွေ ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့လည်း မျက်မြင်သက်သေတွေက ပြောပါတယ်။ ဆာဟယ်အယ်လ်ဂတ်ဘ်လွင်ပြင်က စစ်တပ် အခြေစိုက်စခန်း ၂ ခုကို စစ်သွေးကြွတွေက တိုက်ခိုက် သိမ်းပိုက်ခဲ့လို့ သူတို့ကို ပြန်နှင်ထုတ်ခဲ့တာလို့ ဆီးရီးယားစစ်တပ် သတင်းရင်းမြစ်က အစိုးရ မီဒီယာကို ပြောပါတယ်။ ဒါပေမဲ့ ဘယ်လို လေကြောင်းတိုက်ခိုက်မှုကိုမှ ရည်ညွှန်း ပြောဆိုတာ မရှိခဲ့ပါဘူး။ ဆီးရီးယားသမ္မတ ဘတ်ရှားအယ်လ်အာဆတ်ကို ရုရှားက ကျောထောက်နောက်ခံ ပေးထားပြီး အတိုက်အခံ သူပုန်တွေကိုတော့ တူရကီက ကျောထောက်နောက်ခံ ပေးထားတဲ့ ဆီးရီးယား စစ်ပွဲ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို မတ်လက ကြားဝင်ဖျန်ဖြေပေးခဲ့လို့ တိုက်ပွဲတွေ ရပ်ခဲ့တာပါ။ ၃ လအတွင်း ဒေသတွင်းက ပြည်သူ ၁ သန်းလောက် တူရကီ နယ်စပ်ဒေသထဲကနေ အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up