ဖိလစ်ပိုင်တွင် ပိတ်မိနေသည့် မြန်မာသင်္ဘောသား ၃၀ ဦး ရန်ကုန်ပြန်ရောက်
DVB
·
June 10, 2020
ဖိလစ်ပိုင်နိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား သင်္ဘောသား ၃၀ ဦးကို ဇွန်လ ၉ ရက်က အထူးလေယာဉ်နဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာဆိပ်ကမ်း (Manila Bay) မှာ ကျောက်ချရပ်နားထားခဲ့တဲ့ Royal Caribbean Cruise ကုမ္ပဏီပိုင် အပျော်စီးသင်္ဘောလိုင်းမှ မြန်မာသင်္ဘောသား ၃၀ ဦးဟာ Royal Caribbean Cruise.Ltd နဲ့ မြန်မာသံရုံးတို့ ပူးပေါင်းစီစဉ်တဲ့ Relief Flight Air Asia Philippines အထူးလေယာဉ်နဲ့ မနေ့ညနေက ရန်ကုန်ကိုပြန်ရောက်ရှိလာပါတယ်။
ပြန်ရောက်လာသူတွေကို ကျန်းမာရေးစစ်ဆေးပြီး သတ်မှတ်နေရာမှာ ၂၁ ရက် အသွားအလာ ကန့်သတ်ထားရှိမှာဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ပြည်ပမှာ အကြောင်းအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင်ဘဲ အခက်အခဲတွေ့ သောင်တင်နေတဲ့ မြန်မာသင်္ဘောသားတွေကို အစိုးရက ကယ်ဆယ်ရေး လေယာဉ်တွေ အထူးလေယာဉ်တွေနဲ့ ပြန်လည်ခေါ်ဆောင်ပေးနေရာမှာ ဇွန်လ ၉ ရက်အထိ မြန်မာသင်္ဘောသား စုစုပေါင်း (၄၀၀) ဦး ရှိသွားပြီလို့ သိရပါတယ် ။