Home
မြန်မာသတင်း
မကွေးတိုင်းက ကျောင်းများတွင် လျှပ်စစ်မီးမရှိ၊ ဆရာ မရှိဘဲ ကွန်ပြူတာချပေးထားသည့်စာရင်း လွှတ်တော်တောင်းခံ 
ပိုင်စိုး
·
June 9, 2020
95362032_2316191758682272_222475126929620992_o
မကွေးတိုင်းထဲက ကွန်ပြူတာတွေချပေးထားခဲ့တဲ့ အထက်တန်းကျောင်းနဲ့ ကျောင်းခွဲတွေ၊ အလယ်တန်းကျောင်းတွေမှာ လျှပ်စစ်မီးမရှိတာ၊ သင်မယ့်ဆရာ မရှိတာတွေကို စာရင်းပြုစု တင်ပြဖို့ တိုင်းလွှတ်တော်ဥက္ကဋ္ဌက ကိုယ်စားလှယ်တွေကို ညွှန်ကြားလိုက်ပါတယ်။ ကွန်ပြူတာတွေပေးခဲ့ပေမဲ့ တချို့ကျောင်းတွေမှာ လျှပ်စစ်မီးမရတာ၊ ကွန်ပြူတာ စာသင်ခန်းမနဲ့ ကျွမ်းကျွမ်းကျင်ကျင် သင်ပေးနိုင်မယ့် ဆရာ၊ ဆရာမတွေမရှိတာကို ကြားသိရသလို ခွဲဝေချထားမှု အမှားတွေကြောင့် စေတနာမထိရောက်ဘဲ အရင်ပုံစံမျိုးအတိုင်းလုပ်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ အောင်လံမြို့က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်ကတော့ လက်ရှိမှာ ကျောင်းစာရင်းကို ရထားပြီး ကွန်ပြူတာသင်ဆရာ၊ ဆရာမ ရှိ၊ မရှိကို စုံစမ်းနေတုန်းလို့ ပြောပါတယ်။ “ကျနော်တို့ အောင်လံဆို အလုံး ၆၀ ရတယ်ဗျာ။ အဲဒါကို မျှပေးရမှာကို မပေးဘဲ အထက်တန်းကျောင်း ၆ ကျောင်းကိုပဲ ပေးပစ်တယ်။ ဒီထဲမှာ ၃ ကျောင်းကပဲ မီးရတယ်။ ၁ ကျောင်းက ဒီနှစ်ထဲမှာ ဘတ်ဂျက်တင်ထားတာကြောင့် မီးရနိုင်ခြေရှိတယ်။ ၂ ကျောင်းကတော့ လုံးဝ မရသေးဘူး။ ကျနော်တယောက်တည်း အမြင်ကတော့ မီးရတဲ့ကျောင်းတွေမှာလည်း ကွန်ပြူတာ ဆရာ၊ ဆရာမရှိဖို့ တော်တော်ခက်မယ်” လို့ ပြောပါတယ်။ ဒီကွန်ပြူတာတွေကို ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာချပေးခဲ့တာဖြစ်ပြီး ဒီနှစ်ထဲမှာပဲ ကျောင်းတွေကို ပေးခဲ့တာလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။   ပေါက်မြို့နယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်စန်းက “အလုံး ၆၀ ရတယ်။ ကျောင်း ၆ ကျောင်းကို ပေးတယ်။ ဒီထဲမှာ ၅ ကျောင်းက လျှပ်စစ်မီးမရှိဘူး။ လျှပ်စစ်မီးရတဲ့ ကျောင်းမှာတော့ သင်တဲ့ဆရာမလည်းရှိတယ်” လို့ ပြောပါတယ်။ မြိုင်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဌေးကတော့ ကွန်ပြူတာချပေးထားတဲ့ ရွာတွေမှာ မီးမရတဲ့ရွာတွေရှိပေမယ့် ဒီနှစ်ထဲမှာ မီးရလာမယ်လို့ ပြောပါတယ်။ ပြီးတော့ လက်ရှိမှာ တကျောင်းကို ၁၀ လုံးနှုန်းပေးထားလို့ ကျောင်း ၆ ကျောင်းပဲရတာကြောင့် အဲဒါကို ပြန်ပြင်ဆင်ပြီး ကျောင်း ၂၀ ကို မျှပေးဖို့ အကြံပြုထားတယ်လို့လည်း ပြောပါတယ်။ ဒီစာရင်းတွေကို ဇွန် ၁၂ ရက်ထက်နောက်မကျဘဲ အမြန်ဆုံးပြုစု ပေးပို့ကြဖို့လည်း လွှတ်တော်ဥက္ကဋ္ဌက အကြောင်းကြားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024