ပဲခူးဆေးရုံ၌ သေဆုံးသွားသည့် စောင့်ကြည့်လူနာအမျိုးသမီးတွင် ကိုဗစ်-၁၉ ပိုးမတွေ့
DVB
·
June 9, 2020
ပဲခူးဆေးရုံမှာ သေဆုံးသွားတဲ့ စောင့်ကြည့်လူနာအမျိုးသမီးကို ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါ ပိုးမတွေ့ရှိကြောင်း ပဲခူးဆေးရုံအုပ်ကြီးက ပြောပါတယ်။
ဇွန်လ ၅ ရက် မနက် ၁၀ နာရီလောက်က ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ကပင်ရွာ နေထိုင်သူ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ လည်ပင်းနာရောင်ရမ်းနေပြီး အသက်ရှုရခက်ခဲ မောနေတဲ့အတွက် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသရာ နား၊ နှာခေါင်း လည်ချောင်းကုသဆောင်မှာ အတွင်းလူနာအဖြစ် ကုသမှုခံယူခဲ့ပါတယ်။
ဒါပေမဲ့ မသက်သာတဲ့အတွက် ဇွန်လ ၆ ရက် မနက်အစောပိုင်းမှာ သမားတော်က ထပ်မံစမ်းသပ် ကြည့်ရှုခဲ့ရာ အဆုတ်ရောင်နေတဲ့ လက္ခဏာတွေ့ရှိရတဲ့အတွက် ဓာတ်ခွဲ/ဓာတ်မှန် စစ်ဆေးခဲ့ပြီး Bago CCM Team မှ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ခဲ့ပြီး လူနာထံမှ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူပြီး NHL ကို ပို့ဆောင်ခဲ့ပါတယ်။
ဓာတ်ခွဲနမူနာအဖြေမှာ ကိုဗစ်-၁၉ ရောဂါ မတွေ့ရဘဲ အခုသေဆုံးရတာကတော့ သွေးအဆိပ်တက်တာ၊ အဆုတ်ရောင်တာ အပြင် လည်ချောင်နာတဲ့ ရောဂါတွေကြောင့် သေဆုံးရတာလို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။
သတင်း- အောင်စိုးမိုး