DVB Logo
Home
မြန်မာသတင်း
အစ္စလာမ်အဖွဲ့ချုပ်နှင့် သူရရွှေမန်းတွေ့ဆုံ
DVB
·
May 10, 2013
Donate to DVB

မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးနဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ တားဆီးနိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်သာသနာရေးရာအဖွဲ့ချုပ်က သူရဦးရွှေမန်းနဲ့ တွေ့ဆုံပြီး တင်ပြခဲ့ကြပါတယ်။

အစ္စလာမ်သာသနာရေးရာအဖွဲ့ချုပ်က တာဝန်ရှိသူတွေ ဒီကနေ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ရန်ကုန်မြို့မှာ တွေ့ဆုံပြီး တင်ပြခဲ့ကြတာလို့ အစ္စလာမ်အဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးဝဏ္ဏရွှေက ပြောပါတယ်။

“ကျနော်တို့ သွားတွေ့တဲ့ အကြောင်းရင်းက လွှတ်တော်ဥက္ကဋ္ဌကို တရားဥပဒေစိုးမိုးရေးအတွက်၊ နောက် ပဋိပက္ခတွေတားဆီးနိုင်ရေးအတွက်၊ ဘေးဒုက္ခတွေ့နေတဲ့ ပြည်သူတွေကို ပြန်လည်ကူညီဖို့အတွက် လွှတ်တော်အပိုင်းကနေ ကူညီဆောင်ရွက်ပေးနိုင်တာ ရှိရင် ကူညီပေးဖို့ မေတ္တာရပ်ခံခဲ့တာပါ။”

လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်အနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားပေးသွားမယ့် အကြောင်း ပြန်လည်ပြောကြားခဲ့တယ်လို့ ဦးဝဏ္ဏရွှေက ပြောပါတယ်။

“သူစိတ်မကောင်းကြောင်း ပြောတယ်။ မြန်မာနိုင်ငံမှာ အေးအေးချမ်းချမ်း အတူတကွနေလာကြသူတွေကြား ဒီလိုတွေဖြစ်လာတာ စိတ်မကောင်းဘူးပေါ့။ လွှတ်တော်အနေနဲ့လည်း ရေရှည်မှာ ဆက်မဖြစ်ပွားအောင် ဆောင်ရွက်နိုင်စွမ်းရှိသလောက် ဆောင်ရွက်ပေးမယ်လို့ ပြောသွားပါတယ်။”

ပြည်ထောင်စုကြံ့ခိုင်ရေးပါတီအနေနဲ့ မွတ်စလင်တွေဆီက မဲရမယ်ဆိုရင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ လက်ရှိပဋိပက္ခတွေကို ပြေလည်အောင် ဖြေရှင်းပေးမယ်ဆိုပြီး ကောလာဟလထွက်နေတဲ့အပေါ်လည်း ဦးဝဏ္ဏရွှေက ငြင်းဆိုပါတယ်။

“မမှန်ဘူးခင်ဗျ။ ကျနော်တို့ကလည်း ရွေးချယ်တဲ့အခါမှာ နိုင်ငံရေးပါတီတွေ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို လူတဦးချင်းစီက ကိုယ်ကြိုက်တဲ့ဟာ ကိုယ်ရွေးမှာလေ။ ဘာသာရေးနဲ့လည်း မပတ်သက်ဘူး။ နောက်တခုက ကြံ့ခိုင်ရေးပါတီတခုတည်းကို သွားတာမဟုတ်ဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့တာပဲ။ ကျနော်တို့ အခက်အခဲပေါ်နေတဲ့အချိန် နိုင်ငံမှာ စွမ်းဆောင်နိုင်တဲ့ အထင်ကရ ပုဂ္ဂိုလ်တွေ မေတ္တာရပ်ခံ အကူအညီတောင်းပြီး ပဋိပက္ခတွေ အမြန်ဆုံးပြေငြိမ်းအောင် ကျနော်တို့ ကြိုးစားဆောင်ရွက်တာပါ။ အဲဒီအပေါ်မှာ ကြံ့ခိုင်ရေးပါတီရော၊ အန်အယ်လ်ဒီရော ရွေးကောက်ပွဲနဲ့ရော ပါတီရေးရာနဲ့ ပတ်သက်ပြီး တစုံတရာပြောတာမရှိသလို ကျနော်တို့ကလည်း ပြောဖို့မရှိပါဘူး။”

တရားဥပဒေစိုးမိုးရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့စဉ် တင်ပြတုန်းကလည်း နောက် အကြမ်းဖက်မှုတွေ မဖြစ်အောင် ကြိုးစားသွားမယ့်အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013