ကိုဗစ်-၁၉ လူနာသစ် အမှတ် ၂၄၄ ကို လှဖိုးခေါင်စခန်းမှ မောင်တောဆေးရုံသို့ပို့ဆောင်
DVB
·
June 9, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်ဝင်ရောက်လာသူတွေ ထဲက ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိသူ ၂ ဦးရှိလာပြီဖြစ်တယ်လို့ မောင်တောခရိုင် ကျန်းမာရေး ဦးစီးဌာနက သိရပါတယ်။
"အခုရောဂါပိုးတွေ့သူက မောင်တောမှာ ဒုတိယမြောက်တွေ့ရှိသူဖြစ်တယ်"လို့ မောင်တော ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက ပြောပါတယ်။
မောင်တောမြို့မှာ ဒုတိယမြောက်တွေ့ရှိတဲ့ ကိုဗစ်-၁၉ လူနာအမှတ် ၂၄၄ ဟာ မေလ ၃၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကပြန်လာတဲ့ အသက် ၂၅ နှစ်အရွယ် ဟိန္ဒူအမျိုးသားတစ်ဦးဖြစ်ပြီး မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာတွင်နေထိုင်ခဲ့သူဖြစ်ကြောင်း သိရပါတယ်။
ကြိမ်ချောင်းကျေးရွာကတဆင့် လှဖိုးခေါင်ယာယီပြန်လည်လက်ခံရေးစခန်းသို့ ဇွန်လ ၅ ရက်နေ့မှာ ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးကိုယ်တိုင် ပို့ဆောင်ခဲ့တာဖြစ်တယ်လို့လည်း စုံစမ်း သိရှိရပါတယ်။
သူ့ရဲ့ နှာခေါင်းနဲ့အာခေါင်တို့ဖတ်တို့ကို ဓာတ်ခွဲစစ်ဆေးဖို့ ပို့ဆောင်ခဲ့ရာမှာ ဇွန်လ ၈ ရက်နေ့ ညနေပိုင်းမှာ ပိုးတွေ့လူနာအဖြစ် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက အတည်ပြု ကြေညာခဲ့ ပါတယ်။
အဆိုပါလူနာကို မနေ့ညက လှဖိုးခေါင်ပြန်လည်လက်ခံရေးစခန်းမှ မောင်တောဆေးရုံသို့ ညတွင်းချင်း သယ်ဆောင်လာစဉ် မောင်တောခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မောင်မောင်သိန်း က သတင်းထောက်တွေကို ဆေးရုံထဲသို့ မဝင်ဖို့နဲ့ ဓာတ်ပုံတွေ မရိုက်ဖို့ ကြိမ်းမောင်းပြောဆို ခဲ့ပါတယ်။
မောင်တောခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မောင်မောင်မောင်သိန်းက “အခုအချိန်က ည ၁၀ နာရီရှိပြီ ညမထွက်အမိန့်ရှိတယ်။ လူနာသယ်လာတာ ဓာတ်ပုံရိုက်လို့မရဘူး။ မင်းတို့မေးတဲ့ အင်တာဗျူးလည်း မဖြေနိုင်ဘူး”လို့ ပြောပါတယ်။
မောင်တောမြို့နယ်မှာ ဇွန်လ ၄ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ တရားမဝင် ပြန်လာတဲ့ အသက် ၃၈ နှစ်အရွယ် မွတ်ဆလင်အမျိုးသားတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ ရှိခဲ့ပါတယ်။
သတင်း-လင်းလက်