ကော့ကရိတ်ရဲစခန်းရှေ့တွင် ဆိုင်ကယ်စီးလာသူ နှစ်ဦးက ဗုံး ၂ လုံးပစ်ချ၊ ၁ လုံးပေါက်ကွဲ
DVB
·
June 9, 2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ရဲစခန်းရှေ့ ဖုန်းရောင်းဆိုင်အနီးမှာ ဇွန်လ ၈ ရက် ည ၈ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားပြီး အသက် ၁၃ နှစ်သား တစ်ဦးအပါအဝင် အရပ်သား ၃ ဦး ဒဏ်ရာရရှိသွားတယ်လို့ မျက်မြင် ဒေသခံတွေက ပြောပါတယ်။
မော်တော်ဆိုင်ကယ်စီးလာသူ နှစ်ဦးက ပစ်ချလိုက်တဲ့ ဗုံးသီးကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့တာ ဖြစ်ပြီး အနီးနားမှာရှိနေတဲ့ ယာဉ်တချို့လည်း ထိခိုက် ပျက်စီးမှု ရှိခဲ့ပါတယ်။
ပစ်ချသွားတဲ့ ဗုံးသီးက နှစ်လုံးဖြစ်ပြီး တစ်လုံးသာ ပေါက်ကွဲသွားကာ ကျန်မပေါက်ကွဲတဲ့ ဗုံးသီးကိုတော့ အမှတ်(၁၂)ကွပ်ကဲမှူးဌာနချုပ် ဒုဗိုလ်မှူးကြီးမင်းထင်အောင်က ဦးစီးပြီး ပြည်သူတွေ ထိခိုက်မှု မရှိစေဖို့ သိမ်းဆည်းရှင်းလင်းသွားပါတယ်။
ပေါက်ကွဲမှုကြောင့် အနီးအနားမှာ ထီရောင်းနေတဲ့ စျေးသည် ၁ ဦး၊ ဖုန်းဆိုင်က ၁ ဦးနဲ့ ရဲတပ်ဖွဲ့ မိသားစုဝင် ၁ ဦး စုစုပေါင်း ၃ ဦး ဗုံးပေါက်ကွဲလွင့်စဉ်တဲ့အစတွေ ထိမှန်ဒဏ်ရာရခဲ့တာပါ။
ဒဏ်ရာရသွားတဲ့ ဦးဝင်းနိုင်ဦး (၂၈-နှစ်)၊ ဦးဟိန်းဝင်းကျော် (၃၃-နှစ်)၊ မောင်ကောင်းခွန့် (၁၃-နှစ်) ဗုံးဆံထိမှန်ပြီး ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံမှာ ပြင်ပလူနာအဖြစ် ဆေးကုသမှု ခံယူနေရပါတယ်။
ကော့ကရိတ်မြိုမှာ ၂၀၁၆ ခုနှစ်ကလည်း ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပွားခဲ့ဖူးပြီး အခု ၂၀၂၀ ပြည့်နှစ်မှာ ပထမဆုံးအကြိမ် ပေါက်ကွဲမှုဖြစ်ပွားတာပါ။
အခုပေါက်ကွဲမှုနဲ့ပတ်သက်ပြီး တရားခံကို ဖမ်းဆီးနိုင်ရေးအတွက် သက်ဆိုင်ရာက စုံစမ်းနေပြီး ကော့ကရိတ်မြို့မ ရဲစခန်းမှာ (ပ)၆၅/၂၀၂၀၊ ၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သောပစ္စည်းများ အက်ဥပဒေပုဒ်မ ၃ နဲ့ အမှုဖွင့်ထားပါတယ်။
ဖိုးစီ