ပဲခူးတိုင်းက နိုင်ငံရေးအကျဉ်းသားများအတွက် စားနပ်ရိက္ခာထောက်ပံ့

ကိုဗစ်-၁၉ ရောဂါကပ်ဘေးကာလမှာ အခက်အခဲကြုံတွေ့နေရတဲ့ ပဲခူးတိုင်းအတွင်းက နိုင်ငံရေးအကျဉ်းသားတွေအတွက် ပဲခူးတိုင်းဒေသကြီးလွှတ်တော်နဲ့ အစိုးရက  စားနပ်ရိက္ခာစ္စည်း ၇ မျိုး ထောက်ပံ့ကူညီခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံမှာ  ပျံ့နှံ့လာခဲ့တာ  ၂ လလောက် ကြာလာပြီဖြစ်တာကြောင့် စားဝတ်နေရေး အဆင်မပြေဖြစ်ပေါ်မှုတွေ နေရာအနှံ့အပြားမှာဖြစ်ပေါ်တဲ့အတွက် ပဲခူးတိုင်း လွှတ်တော်နဲ့အစိုးရအဖွဲ့တို့ရဲ့ အစီအစဉ်နဲ့ ပဲခူးတိုင်းအတွင်းက နိုင်ငံရေးအကျဉ်းသားတွေကို ဆန်၊ ဆီ အပါအဝင် ကုန်ခြောက်ပစ္စည်း ၇ မျိုးကို ဝေငှပေးခဲ့တာလို့ ပဲခူးတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်က ပြောပါတယ်။ အစိုးရအဖွဲ့က အခုလိုနိုင်ငံရေးအကျဉ်းသားတွေကို အသိအမှတ်ပြုလှူဒါန်းတာနဲ့ ပတ်သတ်ပြီး ဝမ်းသာမိပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တရားဝင် အသိအမှတ်ပြုပေးဖို့ လိုအပ်တယ်လို့ ပြည်ခရိုင်နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့ဝင် ဦးကျော်ဆန်းက ပြောပါတယ်။ အကျဉ်းထောင်ထဲကရလာတဲ့ဒဏ်တွေကြောင့် သေဆုံးသွားခဲ့ကြတဲ့ နိုင်ငံရေး အကျဉ်းသား တွေရဲ့ မိသားစုဝင်တွေအတွက်လည်း ဒီထက်မက အကူအညီတွေပေးဖို့ လိုအပ်နေတယ်လို့  ပေါင်းတည်မြို့နေ သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးရဲ့ ဇနီး ဒေါ်တင်တင်ဦးက ပြောပါတယ်။ ပဲခူးတိုင်းအတွင်းမှာ နိုင်ငံရေးအကျဉ်းသားဟောင်း ၄၅၀ လောက်ရှိပြီး တစ်ယောက်ကို ငွေကျပ် ၁၅၀၀၀ ကျပ်နှုန်းနဲ့ စားနပ်ရိက္ခာ ၇ မျိုးကိုပေးအပ်ခဲ့ပြီး လှူဒါန်းတဲ့ ပစ္စည်းတွေကို နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့တွေက အိမ်တိုင်ရာရောက် လိုက်လံပေးပို့ခဲ့ကြပါတယ်။

More News
Up