လူနာပို့လူမှုကူညီရေးယာဉ်အား ဓားကိုင်ရမ်းကားခဲ့သူ ၁ ဦးကို ရဲအင်အားသုံးပြီး ဖမ်းဆီး
DVB
·
June 8, 2020
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကြိုးကြာကန်ကျေးရွာက ဆေးရုံဆင်းလူနာ လိုက်ပို့ပေးတဲ့ ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းကားပေါ်ပါသူတွေအပေါ် ဓားကိုင်ဆောင်ပြီး ရန်ပြုခဲ့သူ တစ်ဦးကို ရဲတပ်ဖွဲ့က အင်အားသုံးပြီး ဖမ်းဆီးအရေးယူထားတယ်လို့ မကွေးမြို့နယ် ရဲတပ်ဖွဲမှူးကပြောပါတယ်။
ဇွန်လ ၆ ရက်နေ့က ရောင်စုံမေတ္တာလူမှုကူညီရေးကားကို ဓားကိုင်ပြီး ရန်မူနေတယ်လို့ သတင်းရတဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးနဲ့ သွားရောက် ဖမ်းဆီးခဲ့တာပါ။
မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်က " သွားရောက်တားဆီးတဲ့အခါမှာ သူက အုတ်ခဲတွေ၊ ပုဆိန်တွေ၊ တုတ်တွေနဲ့ ပစ်လို့ ရဲတပ်ဖွဲ့ဝင်တွေ ရှောင်တိမ်းခဲ့ရပါတယ်။ အခက်အခဲကတော့ ငါးနှစ်အရွယ် သူ့သမီးလေးကို ကျောပိုးပြီး အကာကွယ် ယူထားတဲ့အတွက် အေးအေးဆေးဆေး အဖမ်းခံဖို့ စည်းရုံးခဲ့တာ ၂ နာရီလောက် အချိန်ယူခဲ့ရပါတယ်။ အသေအချာ ဖျောင်းဖျပြီး ကလေးကို ရအောင်ကယ်ထုတ်ကာ ရဲတပ်ဖွဲ့အင်အားနဲ့ လုံးထွေးဖမ်းဆီးခဲ့လို့ ရဲတပ်ဖွဲ့ဝင်တချို့ အနည်းငယ် ဒဏ်ရာရရှိပြီး သူမှာလည်း နဖူးပွန်းပဲ့ဒဏ်ရတစ်ချက် ရရှိခဲ့ပါတယ်။”လို့ပြောပါတယ်။
ပြစ်မှုကျူးလွန်တဲ့ သူကိုတော့ ညောင်ကန်နယ်မြေရဲစခန်းမှာ ပုဒ်မ ၂ ခုနဲ့ အရေးယူထားပြီး လူမှုကူညီရေးအသင်းက တိုင်တန်းလာပါကလည်း ထပ်မံအမှုဖွင့်သွားမယ်လို့လည်း ပြောပါတယ်။
ရောင်စုံမေတ္တာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးအောင်မျိုးနိုင်က "ကြိုးကြာကန်ကျေးရွာက အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး ဆေးရုံဆင်းရာ ငွေကြေးမတတ်နိုင်လို့ အသင်းကို အကူညီးတောင်းတဲ့အတွက် အခမဲ့ ပို့ဆောင်ပေးတဲ့အချိန် သားဖြစ်သူက ဓားကိုင်ရမ်းကားတာပါ။ ကားတာယာတွေ၊ ဘမ်ပါတွေ၊ မှန်တံခါးတွေကို ဓားနဲ့ထိုးခွဲပါတယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေက ကားပေါ်ပါတဲ့ မိသားစုဝင်တွေကို ကယ်ထုတ်ပြီး ထွက်ပြေးနိုင်ခဲ့ပေမဲ့ ကားထဲမှာ ရမ်းကားသူရဲ့ ဖခင်လူနာ ကျန်နေခဲ့လို့ ရဲတပ်ဖွဲ့ကို အကူညီတောင်းခံခဲ့ရတာပါ။ အဲဒီလူက အသင်းဝင်တွေ အပါအဝင် တွေ့တဲ့သူကို ဓားနဲ့လိုက်ထိုးလို့ ဦးလေးဖြစ်သူမှာ ပွန်းရှ ဒဏ်ရာတစ် ချက်ရရှိခဲ့ပါတယ်။ မိခင်ဖြစ်သူကိုလည်း အနားအကပ်မခံဘဲရန်ပြုပါတယ်။"လို့ ပြောပါတယ်။
လူနာရဲ့အသက် အန္တရာယ်ကို စိုးရိမ်ပြီး ရဲတပ်ဖွဲ့ဝင်တွေ ချက်ချင်းရောက်မလာလို့ ဖေ့စ်ဘွတ်ခ် ပေါ်ကနေ Live လွှင့်ပြီး ထပ်မံအကူညီတောင်းခံရာ ရဲတပ်ဖွဲဝင် ၁၄ ဦးခန့်ရောက်ရှိလာပြီး ၃ နာရီခန့်အကြာမှာ ဝိုင်းဝန်းဖမ်းဆီးခဲ့ရပါတယ်။
လူမှုကူညီရေးအဖွဲ့ဝင်တွေ ဒဏ်ရာရတာမရှိပေမဲ့ ကားကတော့ ဓားနဲ့ထိုးခွဲခံရလို့ ကားတာယာ ၊ ဘမ်ပါ၊ တံခါးနဲ့ မှန်တွေ ပျက်ဆီးခဲ့ပါတယ်။
ဓားကိုင်ရမ်းကားသူ ရွာသား လှမင်းကို ညောင်ကန်နယ်မြေရဲစခန်းမှာ လက်နက်ကိုင်ဆောင်မှု ပုဒ်မ ၁၉(င)၊ ပြည်သူ့ဝန်ထမ်းကို ထိခိုက်ဒဏ်ရာရရှိအောင် ပြုလုပ်ပြီး နာကျင်စေမှု ပုဒ်မ ၃၃၂ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
သတင်း-မင်းထီး