Home
မြန်မာသတင်း
ဖားကန့်တွင် မြေစာတောင်ပြိုကျပြီး  စက်ယန္တယားအချို့ မြေကြီးထဲ နစ်မြုပ်
DVB
·
June 8, 2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာ နောက်ကျောရှိ ကျောက်မျက်တူးဖော်လုပ်ကွက်တစ်ခုမှာ ဇွန်လ ၈ ရက် မနက် ၆ နာရီလောက်က   မြေစာတောင်ပြိုကျခဲ့လို့  စက်ယန္တယားတချို့ မြေကြီးထဲ နစ်မြုပ်သွားပါတယ်။ မိုးရွာသွန်းမှုကြောင့်ပေ ၅၀၀ လောက်အမြင့်ရှိတဲ့ တောင်ပေါ်ကနေ  မျှောကြောင်း (ရေစီးကြောင်း) ပေါက်ကျခဲ့တာဖြစ်ပြီး တရားမဝင် ကျောက်မျက်တူးဖော်နေတဲ့ စက်ယန္တယား နှစ်စီးနဲ့ ဖိုးဝှီးကား တစ်စီး နစ်မြုပ်သွားခဲ့တာပါ။  နစ်မြုပ်သွားတဲ့ စက်ယန္တယားတွေဟာ ဘယ်ကုမ္ပဏီက စက်ယန္တယားတွေ ဖြစ်တယ်ဆိုတာ မသိရသေးဘူးလို့ ကချင်ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ ဖားကန့်တာဝန်ခံ ဦးသောင်းဇံက ပြောပါတယ်။ "ဒါတွေကသိတဲ့အတိုင်းပဲ။ နလမတွေကဆိုတော့ ဘယ်သူဘယ်ဝါရဲ့ဟာတွေဆိုတာ ပြောဖို့ ခက်တယ်" လို့ ဦးသောင်းဇံက ပြောပါတယ်။ မျှောကြောင်းပေါက်ကျရာလမ်းကြောင်းမှာရှိတဲ့ တပိုင်တနိုင်ရွှေမျှောတိုက်သူတွေနေထိုင်တဲ့ လူနေတဲအိမ် ၁၀ လုံးလောက် တိုက်စားပျက်စီးသွားတယ်လို့လည်း မမုံကျေးရွာ NLD တာဝန်ခံ ဦးထွေးမောင်ကပြောပါတယ်။ "တဲကတော့ ဆယ်လုံးလောက်တော့ ပါသွားတယ်ပြောတယ်။ လူသေတာတော့မကြားဘူး။ စက်တွေကားတွေကတော့ စုံစမ်းနေကြတယ်။" လို့ ဦးထွေးမောင်က ပြောပါတယ်။ ဒါ့အပြင် ကုမ္ပဏီပိုင်လို့ ယူဆရတဲ့ စက်ယန္တယားထားတဲ့ အဆောက်အအုံ နှစ်လုံးလည်း ပျက်စီးခဲ့ပြီး နစ်မြုပ်သွားတဲ့ စက်ယန္တယားတွေနဲ့အတူ စက်သမားကားသမားတွေလည်း သေဆုံးနိုင်တယ်လို့ အခင်းဖြစ်ပွားရာ နေရာမှာရှိတဲ့ မျက်မြင်တချို့က ခန့်မှန်းပြောပါတယ်။ ဖားကန့်မြို့နယ် သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်ကတော့  အခုဖြစ်စဉ်မှာ လူသေဆုံးမှုမရှိပဲ ပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှုသာ ရှိတယ်လို့ ပြောပါတယ်။ ဖားကန့်ရတနာနယ်မြေမှာ မိုးရာသီရောက်တိုင်း ကမ်းပါးပြိုကျတာ၊ နွံကန်ပွင့်ကျတာ၊ မြေစာပြိုတာနဲ့  မြေပြိုတာတွေကြောင့်  နှစ်စဉ် လူပေါင်းရာချီ သေဆုံးနေခဲ့ရတာလည်း ဖြစ်ပါတယ်။ အလားတူ အန္တရာယ်ကျရောက်နိုင်တဲ့ ဖြစ်စဉ်တွေမဖြစ်ပွားစေဖို့  ကျောက်မျက်တူးတာတွေကို မိုးရာသီ သုံးလရပ်နားထားဖို့  သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက အကြံပြုတိုက်တွန်းထားပါတယ်။ သတင်း- ဇော်မိုးထက် (ဖားကန့် )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024