ဂွါဒီယိုလာနှင့် ကလော့ပ် ကမ္ဘာ့အကောင်းဆုံးနည်းပြများဟု မန်စီးတီးကွင်းလယ်လူ ဂွမ်ဒိုဂမ် ပြော

907
မန်စီးတီးအသင်း နည်းပြ ဂွါဒီယိုလာနဲ့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်တို့ဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြတွေ ဖြစ်တယ်လို့ မန်စီးတီးကွင်းလယ်ကစားသမား ဂွမ်ဒိုဂမ်က ပြောကြားလိုက်ပါတယ်။
“သူတို့နှစ်ဦးစလုံးဟာ မတူကွဲပြားသူတွေ ဖြစ်ပေမယ့် နှစ်ဦးစလုံးက အောင်မြင်သူတွေပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကြားမှာ မတူတာတွေ ရှိပေမယ့် လက်ရှိအချိန်မှာတော့ သူတို့ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးနည်းပြ ၂ ဦးပါ။”
ဂွမ်ဒိုဂမ်ဟာ မန်စီးတီးအသင်းကို မရောက်ခင် ဒေါ့မွန်အသင်းမှာ လက်ရှိ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်နဲ့ လက်တွဲခဲ့ဖူးသူ ဖြစ်ပါတယ်။
ကလော့ပ်နဲ့ ပတ်သက်ပြီး သူက “ကျနော်ဟာ ကလော့ပ်နဲ့ လေးနှစ်လက်တွဲခွင့်ရခဲ့ပြီးတော့ သူဟာ ကျနော် အရမ်းချစ်ရတဲ့ ဆရာတဦးပါ။ သူက အံ့သြဖွယ်ကောင်းတဲ့ အသင်းအဖွဲ့စိတ်ဓာတ်ကို ဖန်တီးနိုင်သူဖြစ်ပြီးတော့ ဘောလုံးသမားတွေရဲ့ စိတ်ဓာတ်ကိုလည်း လှုံ့ဆော်ပေးနိုင်သူ ဖြစ်တယ်” လို့ ပြောပါတယ်။
ဂွါဒီယိုလာနဲ့ ပတ်သက်ပြီး ဂွမ်ဒိုဂမ်က “ဂွါဒီယိုလာကတော့ အရမ်းကို နည်းစနစ်ပိုင်းကောင်းမွန်တဲ့လူပဲ ဖြစ်ပါတယ်။ သူဟာ ပွဲရဲ့ အသေးစိတ် အချက်အလက်တိုင်းကို သိရှိနေတဲ့ ဆရာတဦး ဖြစ်ပြီးတော့ သူ့ကိုယ်သူလည်း အမြဲတမ်း တိုးတက်စေသူ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။
ဒါ့အပြင် အခုရာသီအတွက် ပရီးမီးယားလိဂ်ဖလား သရဖူလုပွဲမှာ မန်စီးတီးအသင်းဟာ လီဗာပူးအသင်းရဲ့ နောက်ကောက်ချခြင်းကို ခံခဲ့ရတယ်လို့ ဂွမ်ဒိုဂမ်က ဝန်ခံပြောဆိုလိုက်ပါတယ်။
နည်းပြ ပက်ဂွါဒီယိုလာဟာ မန်စီးတီးအသင်းအတွက် တတိယမြောက် ပရီးမီးယားလိဂ်ဖလားကို ၂၀၁၇-၂၀၁၈ ခုနှစ်မှာ စံချိန်တင်ရမှတ်တွေနဲ့ ဆွတ်ခူးဖို့ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ နောက်တနှစ်မှာလည်း လီဗာပူးအသင်းနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ရင်း ထပ်မံဆွတ်ခူးခဲ့နိုင်ပါတယ်။
ဒါ့ကြောင့် ဒီရာသီမှာလည်း မန်စီးတီးအသင်းကသာ ချန်ပီယံဖြစ်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် လီဗာပူးအသင်းဟာ ထူးခြားကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့အတူ ဒီရာသီ ကစားပြီးတဲ့ ၂၉ ပွဲမှာ ၂၇ ပွဲအထိ အနိုင်ရရှိအောင် လုပ်ပြနိုင်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေကို ဇွန် ၁၇ ရက်မှာ ပြန်လည်စတင်တော့မှာဖြစ်ပြီး လီဗာပူးအသင်းဟာ နောက် ၂ ပွဲ အနိုင်ကစားရုံနဲ့ ချန်ပီယံအဖြစ် ဗိုလ်ဝင်ခံနိုင်ပြီပဲ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ အသင်းလိုက် ညီညွတ်မှုနဲ့ပတ်သက်တဲ့ ပုံစံကောင်းတွေကို ချမှတ်နိုင်ခဲ့ကြောင်း ဂန်ဒိုဝမ်က ထုတ်ဖော်ပြောဆိုခဲ့ပြီး သူ့ရဲ့ မန်စီးတီးအသင်းကတော့ အမှတ်တွေကို အလွယ်တကူ အဆုံးခံခဲ့တယ်လို့ တူရကီသတင်းစာတစ်စောင်နဲ့ တွေ့ဆုံချိန်မှာ ဆိုပါတယ်။
“ကျနော်တို့ ဒီရာသီချန်ပီယံလုပွဲကနေ ထွက်ခဲ့ရပြီဖြစ်ပါတယ်။ ဒီရာသီမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အရင်နှစ်တွေကလို မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ကျနော်တို့ ဘယ်လောက်ပဲ ကောင်းခဲ့ ကောင်းခဲ့၊ အမှတ် ဆုံးရှုံးမှုတွေဟာ များပြားခဲ့ပါတယ်။ လီဗာပူးအသင်းကတော့ အမှတ်အလေအလွင့် သိပ်မရှိဘဲ ဒီအခြေနေကို ရောက်ရှိလာခဲ့တာကြောင့် ကျနော်တို့ကြားမှာ ကွာဟချက် ကြီးမားခဲ့တာပါ။”