DVB Logo
Home
မြန်မာသတင်း
တပ်မတော်က အပစ်ရပ် ရှမ်းတပ်စခန်းကို သိမ်းပိုက်၊ ဒုက္ခသည် ထောင်ချီထွက်ပြေး
DVB
·
May 10, 2013
တပ်မတော်က အပစ်ရပ် ရှမ်းတပ်စခန်းကို သိမ်းပိုက်၊ ဒုက္ခသည် ထောင်ချီထွက်ပြေး
Donate to DVB

မြန်မာ့တပ်မတော်က အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးထားတဲ့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ရဲ့ စခန်းတခုကို  တိုက်ခိုက် သိမ်းပိုက်လိုက်ပါတယ်။

မေ ၉ ရက်နေ့က ရှမ်းပြည်နယ် နမ့်ခမ်းမြို့အပိုင် တရုတ်-မြန်မာနယ်စပ်အခြေစိုက် ရှမ်းတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

[caption id="attachment_39306" align="alignright" width="300" caption="မီးရှို့ဖျက်ဆီးခံလိုက်ရသည့် တင်းခါးတပ်စခန်း (ဓာတ်ပုံ- သျှမ်းသံတော်ဆင့်"][/caption]

နမ့်ခမ်းမြို့နယ် ဆစ်ကောဝ့်ဝမ့် ကျေးရွာအုပ်စု နေရာပေါင်း ၅ ခုမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် နောင်မကျေးရွာက သူတို့တပ်ရင်း အမှတ်  ၇၀၁ စခန်းကို ဆုတ်ပေးလိုက်ရတယ်လို့ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောဝ်ဆိုင်က ပြောပါတယ်။

“တိုက်ပွဲဖြစ်တာကြာလို့ သူတို့ဘက်က စစ်ကူတွေ တဖွဲဖွဲ ရောက်လာတယ်။ အစိုးရတပ်ဘက်က အင်အား ၅၀၀-၆၀၀ နဲ့ ကျနော်တို့ကို ၀ိုင်းတိုက်တာ။ ကျနော်တို့ အဲဒေသမှာ ပြောက်ကျားတပ်သားနဲ့ လှုပ်ရှားနေတဲ့ တပ်ဖွဲ့ ၁၀၀-၂၀၀ နည်းပါးရှိတယ်။ တပ်ကလည်း ပြန့်ကျဲနေတော့ တနေရာထဲမဟုတ်တော့ အင်အားချင်းကွာတယ်၊ မခံနိုင်တော့ ဆုတ်ပေးလိုက်တယ်။ နောက် လက်နက်ကြီးကျည်ဆန်တွေကလည်း ကျတာတအားများတော့ ရွာသားတွေရဲ့ အိမ်ခြေတွေကို ထိခိုက်ပျက်စီးမှုတွေ များတော့ တပ်မှူးက မလိုလားဘူး၊ ဆုတ်ပေးလိုက်တယ်။ ညနေ ၃ နာရီလောက်မှာ တပ်စခန်းကနေ ဆုတ်ခွာပေးလိုက်တယ်။ တပ်တွေကတော့ အရင်တုန်းက အပစ်အခတ်မရပ်စဲတဲ့ အနေအထားပဲ ဆက်ရပ်တည်သွားမယ်၊ ပြောက်ကျားတပ်လိုပဲ ဆက်လှုပ်ရှားသွားမယ်လို့တော့ ဆက်အစီအရင်ခံထားတယ်။”

နမ့်ခမ်းမြို့နယ်တွင်း တနေ့တာ တိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက် ရွှေလီမြစ် နှစ်ဘက်ကမ်း ကျေးရွာပေါင်း ၁၉ ရွာက အိမ်ထောင်စု ၆၅၀ ကျော် လူပေါင်း ၂ ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေး ခိုလှုံခဲ့ရတယ်လို့ ပြောပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲမလုပ်ခင်က မြန်မာ့တပ်မတော်က မေ ၅ ရက်နေ့တုန်းကလည်း တင်းခါးစခန်းကို မီးရှို့ခဲ့သေးတာကြောင့် ဒီဖြစ်ရပ်တွေကို အစိုးရငြိမ်းချမ်းရေးအဖွဲ့ဆီကို ဆက်ဆံရေးရုံးကနေတဆင့် မနေ့က အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

အပစ်ခတ်ရပ် လက်မှတ်ရေးထိုးပြီး ၁ နှစ်ခွဲနီးပါး အချိန်အတွင်း အစိုးရနဲ့ ပစ်ခတ်မှုပေါင်း ၅၀ ကျော် ဖြစ်ပွားခဲ့တာမှာ မနေ့က တိုက်ပွဲကတော့ အပြင်းထန်ဆုံးလို့ ဆိုပါတယ်။

ရှမ်းပြည်တပ်မတော်ဘက်က ရဲဘော် ၁ ဦးကျဆုံးကာ  ၂  ဦး ဒဏ်ရာရကြောင်း၊ အစိုးရတပ်ဘက် ကလည်း အနည်းဆုံး ၁၅ ဦးဒဏ်ရာရပြီး အရာရှိတွေပါ ပါဝင်တယ်လို့ ကြားရပေမယ့် ကျဆုံးသူဦးရေ မသိရကြောင်း သူက ဆက်ပြောပါတယ်။

ဒါပေမယ့်လည်း အစိုးရဘက်က အပစ်အခတ်ရပ် ပျက်ပြားတယ်လို့ မကြေညာမချင်း သူတို့ဘက်ကလည်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားပြီး ပြဿနာကို ဆွေးနွေး ညှိနှိုင်းဖြေရှင်းလိုတယ်လို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။

ကျားဖြူပါတီက နမ့်ခမ်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် စိုင်းကျော်အုန်းက မနေ့က တိုက်ပွဲကြောင့် တရုတ်ပြည်ဘက်ခြမ်းက တရုတ်ဘုံကျောင်း  ၁ ခုကို လက်နက်ကြီးစ ထိမှန်ပြီး နောင်ဆောင်ရွာက နေအိမ်တချို့ ပျက်စီးကြောင်း၊ ပစ်ခတ်မှုတွေဟာ ညနေပိုင်းမှာ ငြိမ်သွားပေမယ့် ရွှေလီကူးတို့ဆိပ်နဲ့ နယ်စပ်လမ်းမှာ အသွားအလာ မရှိသလောက်ဖြစ်သွားပြီး ကုန်ဈေးနှုန်း ၂ ဆ လောက် ခုန်တက်သွားတယ်လို့ ပြောပါတယ်။

မနေ့က ကျားဖြူပါတီက ဇေယျသုခဘုန်းကြီးကျောင်းမှာ ဒုက္ခသည် ၁၀၀ ကျော်အတွက် ထမင်းထုပ်တွေ သွားဝေခဲ့ပြီး တခြားရပ်ကွက်တွေမှာတော့ ရပ်ကွက်သာရေးနာရေးအသင်းက သူအစီအစဉ်နဲ့ သူ ချက်ပြုတ်ကျွေးမွေးကြကြောင်း၊ ဒီနေ့တော့ အိမ်ကို တဖွဲဖွဲပြန်နေကြကြောင်း တရုတ်ဘက်ခြမ်းကို ထွက်ပြေးသွားသူတော့ ပြန်မလာရဲဘဲ ဒီဘက်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေ အခြေအနေစိတ်ချရကြောင်း အကြောင်းကြားချက်ကို စောင့်နေကြတယ်လို့  နမ့်ခမ်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် စိုင်းကျော်အုန်းက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013