ကိုဗစ်-၁၉ လူနာသစ် ၂ ဦးထပ်တွေ့၊ မြန်မာနိုင်ငံ၌ အတည်ပြုလူနာပေါင်း ၂၄၂ ဦးအထိရှိလာ
DVB
·
June 7, 2020
ထိုင်းနိုင်ငံက ပြန်လာသူ တစ်ဦးနဲ့ အိန္ဒိယနိုင်ငံက ပြန်လာသူ တစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစမ်းသပ်စစ်ဆေးတွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါလူနာသစ် နှစ်ဦးအနက်က တစ်ဦးက အသက် ၅၈ နှစ်အရွယ် အိန္ဒိယပြန် စောင့်ကြည့်လူနာ အမျိုးသားတစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။
ကျန်တစ်ဦးကတော့ မကွေးတိုင်း၊ သရက်မြို့နယ်မှာနေထိုင်တဲ့ အသက် အသက် ၃၆ နှစ်အရွယ် ထိုင်းကပြန်လာတဲ့ အမျိုးသမီး တစ်ဦးဖြစ်ပြီး သရက်မြို့နယ်မှာ အသွားအလာ ကန့်သတ်စောင့်ကြပ်ခံထားရသူ ဖြစ်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၅၆၀ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၂၆၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL - Mdy) မှ ဓာတ်ခွဲနမူနာ ၂၈၃ ခုနဲ့ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၉၂ ခု၊ စုစုပေါင်း ၁,၂၀၀ ခုကို ဒီကနေ့ညနေစစ်ဆေးပြီးစီးခဲ့ရာမှာ လူနာသစ် နှစ်ဦးတွေ့ရှိရတာပါ။
ဇွန်လ ၇ ရက် ည ၈ နာရီအထိမြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ လူနာ စုစုပေါင်း ၂၄၂ ဦး၊ သေဆုံးသူ ၆ ဦး နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၁၅၆ ဦးရှိပြီး ဒီအထဲက ၁၃၆ ဦး ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
PHOTO-MOHS