DVB Logo
Home
မြန်မာသတင်း
မိုးညိုအကြမ်းဖက်မှုနှင့်ပတ်သက်ပြီး ဖမ်းထားသူ ၅ ဦးကို ပြန်လွှတ်
DVB
·
May 9, 2013
Donate to DVB

ပဲခူးတိုင်း မိုးညိုမြို့နယ်မှာ အကြမ်းဖက် ဖျက်ဆီးမှုတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးတရားစွဲ ဆိုထားတဲ့ မိုးညိုမြို့နယ်က ၅ ဦးကို မြို့နယ်တရားရုံးက အာမခံ ပေးလိုက်ပါတယ်။

မနေ့က ရုံးထုတ်ချိန်မှာ မြို့နယ်တရားရုံးက အာမခံပေးလိုက်တာလို့ မိုးညိုမြို့ခံတဦးက ပြောပါတယ်။

“သူတို့ကို အာမခံနဲ့ လွှတ်ပေးလိုက်တယ်။ ဒါပေမယ့် သူတို့က ထောင်ကျမှာတော့ သေချာတယ်။ ချုပ်ရက်ကများနေတော့ ၁ လလောက်ရှိပြီလေ။ အာမခံနဲ့ ပြန်လွှတ်လိုက်တာ။ ထင်ကြေးပေးနေတာတော့ ၆-၇ နှစ်လောက်ဖြစ်နိုင်တဲ့ အလားအလာရှိတယ်။”

တရားစွဲဆိုခံရသူတွေဟာ မိုးညိုမြို့ပေါ်က အန်အယ်လ်ဒီအဖွဲ့ဝင် ကိုနန်းထိုက် နဲ့ ကျန်သူ ၄ ဦးကတော့ မိုးညိုမြို့နဲ့ ၅ မိုင်လောက်ဝေးတဲ့ ၀ဲကြီးရွာနဲ့ သရက်တပင်ရွာတွေက ဖြစ်တယ်လို့ ဆိုပါတယ်။ တရားစွဲဆိုခံရသူတွေထဲမှာ အသက် ၁၆ နှစ်အရွယ် ကျောင်းသားတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

တရားစွဲဆိုခံသူတွေဟာ အကျိုးဖျက်ဆီးမှု၊ နေအိမ်ခြံဝင်းအတွင်း ၀င်ရောက်ဖျက်ဆီးမှု  ဂုဏ်သိက္ခာ စော်ကားမှု၊ ဥပဒေနဲ့ မညီညွတ်လို့ လူစုခွဲရာမှာ မလိုက်နာမှုတို့နဲ့ တရားစွဲဆိုထား တာ ဖြစ်ပါတယ်။

သူတို့ကို လာမယ့်မေလ ၁၅ ရက်နေ့မှာ ရုံးပြန်ချိန်းထားပါတယ်။

အမှန်တကယ် ဦးဆောင်ပြီး လုပ်တဲ့သူတွေကို မဖမ်းဘူးလို့ အဲဒီမြို့ခံက ပြောပါတယ်။

“မိုးညိုဖြစ်စဉ်က တကယ်လုပ်တဲ့၊ ဦးဆောင်တဲ့သူတွေကို မစွဲဘဲ နောက်က လိုက်တဲ့သူတွေကို ဖမ်းတာပဲ တွေ့ရသေးတယ်။ တကယ်လုပ်တာက မြို့ပေါ်ကလုပ်တာ။ ကျနော်တို့ မဖြစ်ခင် ၂၃၊ ၂၄၊ ၂၅ နဲ့ ၂၆ ရက်တွေမှာ လိုက်ထိန်းတယ်။ အခုက မြို့ပေါ် ကြံ့ခိုင်ရေးက ဦးဆောင်ပြီး သံဃာတွေလည်းပါတယ်။ နယ်က သံဃာတွေလည်း ပါတယ်။ ကိုယ်နဲ့သိတဲ့လူတွေလည်းပါတယ်။ တကယ့် အမာခံ ထိပ်ပိုင်းခေါင်းဆောင်တွေ အဖမ်းမခံရဘူး။”

အလားတူ ပဲခူးတိုင်း ဇီးကုန်းမြို့နယ်မှာ အကြမ်းဖက်မှုတွေနဲ့ပတ်သက်တဲ့ လူ ၁၀ ဦးကို ဖမ်းဆီး တရားစွဲဆိုထားပြီး ဒီနေ့မှာ ရုံးထုတ်စစ်ဆေးတယ်လို့ ဖမ်းဆီးတရားစွဲဆိုခံရသူတွေထဲက ဦးအောင်မြတ်သူရဲ့ ရှေ့နေ ဒေါ်ဇင်မိုးထိုက်က ပြောပါတယ်။

ဇီးကုန်းမြို့နယ်မှာ ဖမ်းဆီးထားသူတွေကိုလည်း အကျိုးဖျက်ဆီးမှု၊ နေအိမ်ခြံဝင်းအတွင်း ၀င်ရောက်ဖျက်ဆီးမှု၊ ဂုဏ်သိက္ခာစော်ကားမှု၊ ဥပဒေနဲ့ မညီညွတ်လို့် လူစုခွဲရာမှာ မလိုက်နာမှုနဲ့ တရားစွဲဆိုထားတယ်လို့ ပြောပါတယ်။

မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအတွင်း ဗုဒ္ဓဘာသာ ဘုန်းကြီး ၁ ပါးကို သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး အစ္စလာမ်ဘာသာဝင် ၇ ဦးကို တရားစွဲဆိုထားရာ ဒီနေ့မှာတော့ တရားခံပြ သက်သေအားလုံး စစ်ဆေးပြီဖြစ်တယ်လို့ စွပ်စွဲခံရသူတွေဘက်က ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

လာမယ့် မေ ၁၃ ရက်နေ့မှာတော့ နှစ်ဖက် လျှောက်လဲချက်ကို ကြားနာမှာဖြစ်တယ်လို့ ရှေ့နေ ဦးသိန်းသန်းဦးက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013