မြန်မာ့သစ်အချောထည် ပြည်ပတင်ပို့မှု အလားအလာကောင်းတွေ ရှိနေပေမယ့်လည်း ပြင်ဆင်စရာတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
အနောက်ဥရောပနိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖယ်ရှားလိုက်ပြီဖြစ်လို့ ပြည်ပကို သစ်အချောထည်တင်ပို့ဖို့အတွက် အဆင်သင့်ဖြစ်နေပြီဆိုပေမယ့် ပြည်ပဈေးကွက် အနေအထား၊ ဒီဇိုင်းနဲ့ နည်းပညာဆိုင်ရာတွေကိုတော့ ပြင်ဆင်နေတုန်းပဲလို့ အသင်းရဲ့ အတွင်းရေးမှူး (၁) ဦးဘာဘာချိုက ပြောပါတယ်။
သစ်အချောထည်တင်ပို့မှုမှာ ဥရောပဈေးကွက်ကို အဓိကဦးတည်မှာဖြစ်ပြီးစိန်ခေါ်မှု အနည်းငယ်လည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။
“ဒီနေရာမှာ အီးယူနဲ့ အမေရိကန် ၂ ခုခွဲပြောရမယ်။ အီးယူဈေးကွက်ကို ကျနော်တို့က မှီခိုမှုများတယ်။ အမေရိကန်ကလည်း သစ်အကောင်းတွေ ရှိတယ်။ အီးယူက လောလောဆယ် အကာအကွယ် အတားအဆီးတော့ မရှိတော့ဘူး။ အခက်အခဲက ၂ ချက်ရှိတယ်။ တချက်က သူတို့နိုင်ငံ ၀ယ်အားက၊ စီးပွားရေးအားက နည်းနည်း အားနည်းတယ်။ တရားဝင် သစ်တောထွက် ဖြစ်ကြောင်း ဥပဒေ ဥရောပမှာ စကျင့်သုံးနေပြီ။ ဒါတွေကတော့ စိန်ခေါ်မှုတွေပေါ့။ ဒါတွေက အခွင့်အရေးကောင်းတွေပါ။ အခွင့်အရေးမှန်သမျှ စိန်ခေါ်မှုတွေနဲ့ တွဲလာတာပါ။ အခွင့်အရေးရဖို့ စိန်ခေါ်မှုတွေကို နိုင်အောင်လုပ်ရမှာပါ။ စိန်ခေါ်မှုတွေနိုင်ရင်တော့ အရမ်းကောင်းပါပြီ။”
အနောက်ဥရောပနိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို မရုပ်သိမ်းခင်ကတည်းက မြန်မာ အစိုးရဟာ ၂၀၁၄ ခုနှစ် ဧပြီလကစပြီး နိုင်ငံခြားကို သစ်လုံးတင်ပို့မှု ရပ်ဆိုင်းမယ်လို့ ကြေညာပြီး သစ်အချောထည်တင်ပို့မှုကို အားပေးမယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
သစ်အလုံးလိုက် တင်ပို့မှုရပ်တန့်တဲ့ အစီအစဉ်ကြောင့် နိုင်ငံခြားဝင်ငွေတော့ အခိုက်အတန့် လျော့သွားနိုင်ပေမယ့် သဘာဝအရင်းအမြစ်တွေကို လျှော့သုံးပြီး ၀င်ငွေလျော့မသွားစေတဲ့ နည်းလမ်းဖြစ်တဲ့အတွက် ကြိုဆိုတယ်လို့လည်း ပြောပါတယ်။
“သစ်လုံးတင်ပို့မှုရပ်လိုက်လို့ သစ်တောကဏ္ဍကုန်သွယ်မှုဝင်ငွေ ကျမသွားရေးက ဦးတို့မှာ တာဝန်ရှိလာတယ်။ ၁ နှစ်ကို ခန့်မှန်းခြေ သန်း ၄၀၀ ကနေ သန်း ၆၀၀ ကြားထဲလောက် ၀င်တယ်၊ ခန့်မှန်းချေ။ အဲလိုရလိုက်ပြီဆိုရင် အဲဝင်ငွေရအောင် ရှာဖို့က တာဝန်ဖြစ်လာတယ်။ လောလောဆယ် ၁-၂ နှစ်တန်သည်တော့ ၀င်ငွေ အခိုက်အတန့်တော့ ကျသွားနိုင်ပါတယ်။ ပြီးရင်တော့ ဒီငွေတွေကို ညီမျှတဲ့ငွေ ဒါမှမဟုတ် ပိုတဲ့ငွေတွေကို သစ်အခြေခံ စက်မှုလုပ်ငန်းကနေ ပြန်ရှာနိုင်မယ်လို့ ယုံကြည်ပါတယ်။”
မြန်မာနိုင်ငံဟာ အရင်တုန်းက သစ်တောဖုံးလွမ်းမှု ၈၀ ရာခိုင်နှုန်းရှိပြီး သစ်တောထူထပ်တဲ့ နိုင်ငံဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပြည်ပကို သစ်လုံးလိုက်တင်ပို့မှု မြင့်တက်ခဲ့တာကြောင့်နဲ့ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေကနေ တင်ပို့မှုတွေကြောင့် လက်ရှိမှာ သစ်တော ဖုံးလွမ်းမှု ၂၀ ရာခိုင်နှုန်းပဲ ကျန်ရှိတော့တယ်လို့ သုံးသပ်ချက်တွေက ဖော်ပြပါတယ်။