Home
မြန်မာသတင်း
ဧရာဝတီတိုင်းသို့ ပြည်ပနိုင်ငံများက ပြန်လည်ရောက်ရှိလာသူ ၁၈၀၀ ကျော်ရှိ
DVB
·
June 7, 2020
ဧရာဝတီတိုင်းကို တရုတ်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေက ပြန်လည်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သား ၁၈၀၀ ကျော်ထိ ရှိနေပြီလို့ တိုင်းအစိုးရအဖွဲ့ရုံးက ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။ ပြည်ပနိုင်ငံတွေက ပြန်လာတဲ့သူတွေ မန္တလေး၊ မြဝတီနဲ့ ရန်ကုန်ဘူတာကြီး စတဲ့နေရာတွေကနေ တိုင်းအစိုးရရဲ့ အစီအစဉ်နဲ့ သွားရောက်ခေါ်ဆောင်ပြီး အစပိုင်းမှာ သက်ဆိုင်ရာ မြို့နယ်ကော်မတီတွေနဲ့ ချိန်ဆက်ပြီး မြို့နယ်အလိုက် Quarantine Center တွေမှာ ထားရှိခဲ့ပြီး ခုနောက်ပိုင်းမှာတော့ ပုသိမ်နဲ့ မအူပင်မှာ ထားရှိစောင့်ကြည့်တာတွေ ပြုလုပ်နေတယ်လို့ လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက DVB ကိုပြောပါတယ်။ “အဓိက ထိုင်းနဲ့ မလေးရှားက ပြန်လာသူတွေကို တိုင်းအစီအစဉ်နဲ့ ထားရတယ်။ ပထမ ပုသိမ်မှာပဲ ထားတယ်၊ နေရာအနေအထားအရ ခုတော့ မအူပင်မှာ ဆက်ထားပါတယ်။ အဆင်မပြေရင်တော့ ဟင်္သာတမှာ စနစ်တကျ ဆက်ထားဖို့ စီစဉ်ထားပါတယ်” လို့ ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ထိုင်းနိုင်ငံက ပြန်လာသူ ၄၆၂ ဦး၊ တရုတ်နိုင်ငံက ပြန်လာသူ ၂၀၆ ဦးကို တိုင်းအစိုးရအစီအစဉ်နဲ့ သွားရောက်ခေါ်ဆောင်ခဲ့ပြီး သက်ဆိုင်ရာမြို့နယ်အလိုက် စောင့်ကြည့်စင်တာတွေမှာ ထားရှိခဲ့ပါတယ်။ အခုလက်ရှိ ပုသိမ်မြို့က စောင့်ကြည့်စင်တာ ၆ ခု မှာ ၅၅၇ ယောက်နဲ့ မအူပင်တက္ကသိုလ်မှာ ၁၃၁ ဦးတို့ကို အသွားအလာ ကန့်သတ်စောင့်ကြည့်တာတွေ ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ ပြန်လာတဲ့သူတွေရဲ့ စားဝတ်နေရေးအတွက်ကိုတော့ သက်ဆိုင်ရာမြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတွေက တာဝန်ယူဆောင်ရွက်နေတာဖြစ်ပြီး မြို့နယ်အလိုက်ကော်မတီတွေ အသုံးပြုဖို့အတွက် တိုင်းအစိုးရအနေနဲ့ ၁ မြို့နယ်ကို သိန်း ၁၂၀ ချထားပေးတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရတဲ့ မလေးရှားနိုင်ငံက ပြန်လာသူ ၂ ဦးကို ပုသိမ်ပြည်သူ့ဆေးရုံကြီးရဲ့ သီးခြားကုသဆောင်မှာ ဆေးကုသမှုပြုလုပ်ပေးနေပြီး ကျန်းမာရေးကောင်းမွန်နေတယ်လို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီးက ပြောပါတယ်။ မင်းထက်မုန်း(ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024