အိန္ဒိယက ပြန်လာသူ နောက်ထပ် ၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိ

အိန္ဒိယနိုင်ငံက ပြန်လာသူ ၄ ဦးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့  ဒီကနေ့ည ၈ နာရီ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါလူနာသစ် ၄ ဦးကတော့ ရန်ကုန် မြောက်ဥက္ကလာပ မြို့နယ်နေ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ နေပြည်တော် ပျဉ်းမနားမြို့နယ်မှာ နေထိုင်ကြသူတွေဖြစ်တဲ့ အသက် ၆၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၇၂ နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ အသက် ၃၈ နှစ်အရွယ်အမျိုးသားတစ်ဦးတို့ ဖြစ်ကြပါတယ်။ ဆိုပါလူနာသစ်တွေအားလုံးဟာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ အသွားအလာကန့်သတ် စောင့်ကြပ်ခံထားရသူတွေဖြစ်ပြီး သူတို့ကို  ဝေဘာဂီအထူးကုဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးဖို့ ရှိနေပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ  ၁,၁၃၈ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ  ၁၆၁  ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL - Mdy) မှ ဓာတ်ခွဲနမူနာ ၂၇၇ ခုနဲ့  ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL - Mlm) မှ ဓာတ်ခွဲနမူနာ ၂၃ ခု စုစုပေါင်း  ၁,၅၉၉ ခု ကို ဒီကနေ့ညနေ စစ်ဆေးပြီးစီးခဲ့ရာမှာ လူနာသစ် ၄  ဦးတွေ့ရှိရတာပါ။ ဇွန် ၆ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၂၄၀ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ  ၁၅၆ ဦးရှိပြီး  ဒီအထဲက ၁၃၆ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ PHOTO-MOHS

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up