ကိုဗစ်ကာလ ဘုရားဖူးမရှိသဖြင့် ပုပ္ပါးတောင်ရှိ မျောက်များကို ၁ လ ကျပ် ၇ သိန်းဖိုး အစားကျွေးနေရ

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်ကလပ်မှ မျောက်တွေ ကိုဗစ်ကာလ ဘုရားဖူးလာရောက်မှု မရှိတာကြောင့် ဂေါပကအဖွဲ့က ၁ လကို ငွေကျပ် ၇ သိန်းဖိုးအထိ မျောက်စာ ဝယ်ယူ ကျွေးမွေးနေရတယ်လို့ ပုပ္ပါးတောင်ကလပ် ဂေါပကအဖွဲ့က ပြောပါတယ်။ “ဘုရားဖူးကာလမှာ ဘုရားဖူးတွေကျွေးတော့ ကျွေးရတာနည်းတယ်။ အရင်နှစ်တွေ ဘုရားဖူး ပါးတဲ့ကာလ ကဆုန်၊ နယုန်၊ ဝါဆိုတွေဆို ဂေါပက ကျွေးရတယ်ဆိုပေမယ့် အခုက ဘုရားဖူးက လုံးလုံးမရှိတော့ ပြီးခဲ့တဲ့လက မျောက်စာဖိုး ၇ သိန်းကုန်တယ်၊ တခါဝယ်ရင် ကုလားပဲအိတ် နှစ်ဆယ်၊ သုံးဆယ်၊ ပြောင်းဖူးစေ့ သုံးဆယ် ဝယ်ထားပြီးကျွေးရတယ်” လို့ ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးဌေးမြင့်က ပြောပါတယ်။ ပုပ္ပါးတောင်ကလပ်ကို ကိုဗစ်-၁၉ ကာလ မပိတ်ထားပေမဲ့ တောင်ကလပ်ပေါ် တက်လိုပါက ၇၂ နာရီအတွင်း ကျန်းမာရေး ကောင်းမွန်ကြောင်း စစ်ဆေးချက် ထောက်ခံချက်ပါမှသာ တက်ရောက်ခွင့်ပြုထားတာကြောင့် ဘုရားဖူးလာရောက်မှုမရှိ​ဘူးလို့ သိရပါတယ်။ ပုပ္ပါးတောင်ကလပ်ကို အမှီပြုနေထိုင်တဲ့ မျောက်ကောင်ရေ ၃၅၀၀ ဝန်းကျင်ရှိပြီး ၁ ရက်ကို မျောက်စာ ပြောင်းဖူးစေ့၊ ကုလားပဲအိတ် ၂ အိတ်ကျွေးရကြောင်း ၁ လ ခြောက်သိန်းခွဲ ခုနစ်သိန်း ပုံမှန် ကုန်ကျမှုရှိတယ်လို့ သိရပါတယ်။ ပုပ္ပါးတောင်ကလပ်နဲ့ ထိစပ်ဒေသက စေတနာအလှူရှင်အချို့လည်း ငှက်ပျောသီး၊ သင်္ဘောသီး စတာတွေကို တောင်ခြေမှာ လာရောက်ကျွေးမွေးတာမျိုးရှိနေပြီး နယ်ဝေးမှ ကုသိုလ်ပြုလိုပါက ဂေါပကအဖွဲ့ကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။ ကိုလင်း(ချောက်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up