ကလေးမြို့ မီးခွက်ဈေး ပြန်လည်ဖွင့်လှစ်တော့မည်
DVB
·
June 6, 2020
ပြီးခဲ့တဲ့ နှစ်လကျော်က ကိုဗစ်ကူးစက်ရောဂါကာကွယ်ရေးအတွက် နေရာပြောင်းရွှေ့ ဖွင့်လှစ်ခဲ့တဲ့ ကလေးမြို့ရဲ့ မီးခွက်ဈေးကို မူလနေရာမှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ကလေးမြို့ မြို့မဈေး ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောပါတယ်။
“လတ်တလောမှာ ဈေးတာ၀န်ရှိသူတွေအနေနဲ့ ယခင်က အမြဲတမ်း အတည်တကျ ရောင်းချနေတဲ့ ဈေးသည် ၄၀၀ ကျော်အတွက် တဆိုင်ကို ၆ ပေခြား လိုင်းဆွဲ အကွက်ချနေတုန်းပဲ ရှိသေးတယ်။ ဈေးက အသစ်လိုပုံစံ ဖြစ်မယ်။ ကျန်းမာရေး စံနှုန်းအတိုင်းဆိုတော့ နေရာ ရှည်လာမယ်။ အရင်က ကလျာဏရွှေဆိုင်လောက်အထိပဲ။ ခုက ရုပ်ရှင်ရုံ လမ်းချိုးအထိ ရောက်နိုင်တယ်။ ဆေးမျဉ်းရေးဆွဲပြီးရင် သက်ဆိုင်ရာ မြို့နယ်အဖွဲ့တွေ ခေါ်ပြမယ်။ အဆင်ပြေရင်တော့ ဖွင့်မယ်။”
ကလေးမြို့ မီးခွက်ဈေးဟာ ယခင် ဖ.ဆ.ပ.လ အစိုးရ လက်ထက်ကတည်းက စည်ကားခဲ့တဲ့ ကလေးမြို့ရဲ့ အထင်ကရ ဈေးတခုဖြစ်ပြီး ည ၁၂ နာရီလောက်ကနေ မနက်မိုးလင်းတဲ့အထိ ကလေးမြို့ ဗိုလ်ချုပ်လမ်းပေါ်မှာ စည်ကားနေတဲ့ ဈေးလည်း ဖြစ်ပါတယ်။
အဲဒီဈေးဟာ ကလေးမြို့ပေါ် လူတန်းစားတင်မက ကလေးနယ် ကျေးရွာတွေက ဒေသထွက် အသီးနှံတွေ ကူးလူးတင်ပို့ရောင်းချတဲ့ ဈေးလည်း ဖြစ်ပါတယ်။
ဈေးသည်တဦးက “ဈေးပြန်ဖွင့်တော့ ကျမတို့အတွက် အဆင်ပြေတယ်။ ခုက အားကစားကွင်းမှာဆိုတော့ ဝေးတယ်။ ဈေးရောင်းရတာလည်း အဆင်မပြေဘူး။ ဈေး၀ယ်သက်သက်ပဲ လာကြတယ်။ ဈေးအဟောင်းကတော့ လမ်းမပေါ်ဆိုတော့ လမ်းလျှောက်ရင်း ကြည့်ရင်း လိုချင်တာ ၀ယ်သူတွေ ရှိတော့ ခရီးသွားဟန်လွဲ ဈေးရောင်းရတယ်။ ဈေးပိုရောင်းကောင်းတယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ဈေးဖွင့်မယ့်ရက်ကို တာ၀န်ရှိသူတွေက မပြောနိုင်သေးပေမယ့် တပတ်အတွင်း ဈေးဖွင့်နိုင်ရေး ကျန်းမာရေးညွှန်ကြားချက်အတိုင်း ပြည့်မီဖို့ ဈေးကော်မတီက လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဈေးဖွင့်ချိန်မှာ ဈေးသည်တွေ သတိထားရမယ့် အရာတွေကတော့ ည ၁၂ နာရီကနေ မနက် ၄ နာရီ မထွက်ရ ကာဖြူးအမိန့် မရုပ်သိမ်းသေးတဲ့အတွက် မနက် ၄ နာရီမှ ဈေးခင်းကြရမှာဖြစ်တာကြောင့် ဈေးရောင်းချိန် နည်းမယ့် အခက်အခဲတွေကို ဈေးသည်တွေ ရင်ဆိုင်ရမှာပါ။
ဈေး စနစ်တကျ စည်းကမ်းထိန်းဖို့ကိုတော့ ဈေးအရှည် အကွာအဝေးအလိုက် အပိုင်း သုံးပိုင်းခွဲပြီး ဈေး ကိုဗစ်ကော်မတီ ၃၃ ဦးနဲ့ ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
မင်းရဲစစ်နိုင်