တပ်မတော်နှင့်ပြေလည်မှုရ၍ ကေအန်ယူက ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးမှု ပြန်စမည်
DVB
·
June 6, 2020
တပ်မတော်နဲ့ ဆွေးနွေးညှိနှိုင်းပြေလည်သွားပြီဖြစ်တာကြောင့် ဖာပွန်ခရိုင် ကေအန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း ကေအန်ယူက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးစစ်ဆေးမှုတွေ ပြန်လည်ဆောင်ရွက်သွားမယ်လို့ ကေအန်ယူက ပြောပါတယ်။
သတ်မှတ်နေရာ ကမမောင်း-ဖာပွန် ကားလမ်းမှာ ကျန်းမာရေးစစ်ဆေးသွားမှာဖြစ်ပြီး ကေအန်ယူ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ အရပ်ဝတ်နဲ့ စစ်ဆေးသွားမယ်လို့ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် တပ်မဟာ ၅ ဆက်ဆံရေးရုံး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စောအယ်ဒိုထူးက ပြောပါတယ်။
“ပြေလည်သွားကုန်ပြီ။ ကျနော်တို့ဆီမှာ ကိုဗစ်-၁၉ စစ်ဆေးဖို့ရှိတယ်။ အရပ်ဝတ်နဲ့ နေရာယူပြီးတော့ စစ်ဆေးမယ်။ နှစ်ဖက်လုံး ညှိနှိုင်းတဲ့အခါမှာ သဘောတူညီမှုတွေရပြီး ပြေပြေလည်လည်တွေ ဖြစ်သွားတာ။ တဖက်ကိုလည်း တင်ပြပြီးတော့ ဆွေးနွေးတယ်။ တပ်ဘက်ကိုလည်း ကျနော်တို့ တင်ပြပြီး ဆွေးနွေးတဲ့အခါမှာ အားလုံးက ဘုံသဘောတူညီချက်ရသွားတာ။”
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ တပ်မဟာ ၅ နယ်မြေမှာ နှစ်ဖက်ပစ်ခတ်မှုတွေ၊ ခရီးသွားလာမှုနဲ့ အချိန်ကန့်သတ်မှုတွေကို ကေအန်ယူဆံဆက်ရေး တာဝန်ခံနဲ့ ဂျေအန်စီ အကျိုးဆောင်တွေက ကြားဝင်စေ့စပ် ညှိနှိုင်းပေးမှုတွေကြောင့် ပြေလည်မှုတွေ ရရှိခဲ့တာပါ။
တပ်မတော်နဲ့ ကေအန်ယူတို့ နှစ်ဖက်ညှိနှိုင်းမှုတွေကြောင့် ခရီးသွားလာခွင့်နဲ့ အချိန် ကန့်သတ်ထားတာတွေ ခွင့်ပြုပေးလိုက်ပြီလို့ ဂျေအန်စီ(ဖာပွန်) တာဝန်ရှိသူက အတည်ပြု ပြောဆိုပါတယ်။
ဖာပွန်မြို့နယ်၊ ဝှေ့မှုန်ကျေးရွာနေ ဦးသန်းဝင်းက “ဒီလိုအသံတွေကြားတော့ ဒေသခံတွေအနေနဲ့ လုပ်ကိုင်စားသောက်ရတာ အဆင်ပြေမယ်။ နှစ်ဖက် အဆင်ပြေသွားတယ်ဆိုတော့ ပြည်သူတွေက ကြိုဆိုတာပေါ့”လို့ ပြောပါတယ်။
မေလက စတင်ပြီး တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးစခန်းတွေကို တပ်မတော်က ဖယ်ရှားရှင်းလင်းခဲ့တဲ့အတွက် နှစ်ဖက် တင်းမာမှုတွေ ဖြစ်ပွားခဲ့တာပါ။
နှစ်ဖက်ညှိနှိုင်း ဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီး တပ်မတော်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးမောင်မောင်လတ်ကို ဆက်သွယ်မေးမြန်းရာမှာ “ကျနော်တောင် မသိသေးဘူး။ ကျနော် မေးလိုက်ဦးမယ်။ တကယ်မသိဘူး” လို့ ပြောပါတယ်။
ရဲမင်းခေါင်