Homeမြန်မာသတင်း
ဓာတ်ခွဲနမူနာ ၁၈၀၀ ကျော် စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ စောင့်ကြည့်လူနာသစ် ၅၂ ဦးရှိ
ဓာတ်ခွဲနမူနာ ၁၈၀၀ ကျော် စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ စောင့်ကြည့်လူနာသစ် ၅၂ ဦးရှိ
DVB
·
June 6, 2020
ဓာတ်ခွဲနမူနာ ၁၈၀၀ ကျော်အား စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ် မတွေ့ရှိဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီမှာ ထုတ်ပြန်ပါတယ်။
ဇွန် ၅ ရက်နေ့အတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၁,၅၀၅ ခု၊ ဆေးသုတေသနဦးစီးဌာန(DMR) က ဓာတ်ခွဲနမူနာ ၁၃၅ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၂၃၂ ခု၊ စုစုပေါင်း ၁,၈၇၂ ခုအား နှစ်သုတ်ခွဲ စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၂၃၆ ဦး၊ သေဆုံးသူ ၆ ဦးနဲ့ ရောဂါပိုး ကင်းစင်လာသူ စုစုပေါင်း ၁၅၁ ဦး ရှိပါတယ်။
ရောဂါကင်းစင်လာသူတွေထဲက ၁၃၅ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာတွေ အသွားအလာ ဆက်လက်ကန့်သတ် စောင့်ကြပ်ကြည့်ရှုထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဇွန် ၄ ရက်နေ့ မွန်းတည့် ၁၂ နာရီကနေ ၅ ရက်နေ့ မွန်းတည့် ၁၂ နာရီအထိ စောင့်ကြည့်လူနာအသစ် ၅၂ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက မနေ့ည ၈ နာရီမှာ ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက် ၈ နာရီအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆.၈ သန်းကျော်နဲ့ သေဆုံးသူ ၃ သိန်း ၉ သောင်းကျော်ရှိပြီလို့ သိရပါတယ်။