Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း ပတ်ဝန်းကျင် စိမ်းလန်းစိုပြေသည့် ကျောင်း ၆ ကျောင်းကို ဆုချီးမြှင့်
Aung Ko Latt
·
June 5, 2020
102432311_1336075263264132_1717883207824703488_o
101279358_1336075156597476_4475111976879521792_o
102414265_1336075833264075_2137566220621185024_o
83056124_1336075289930796_1087053293449904128_o
102419782_1336075196597472_8622896000685572096_o
စစ်ကိုင်းတိုင်းအတွင်း ပတ်ဝန်းကျင်ဆိုင်ရာ စိမ်းလန်းစိုပြေတဲ့ စာသင်ကျောင်း ၆ ကျောင်းကို ပထမဆုံးအကြိမ်အဖြစ် ဆုချီးမြှင့်လိုက်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကနေ ဦးဆောင်ကာ ဇွန်လ ၅ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စစ်ကိုင်းတိုင်းအစိုးရရုံး ဘက်စုံသုံးခန်းမမှာ အကျဉ်းချုံး ပြုလုပ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက "ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတော့ အရင်နှစ်တွေလို စည်စည်ကားကား အခမ်းအနားကြီးနဲ့ မလုပ်နိုင်ဘူး။ သို့သော် ကမ္ဘာလုံးအတိုင်းအတာအရ ဒီဂျစ်တယ်ကမ်ပိန်းတွေ ဆောင်ရွက်နေပါတယ်။ ကျနော်တို့ဌာန လူမှုကွန်ရက်စာမျက်နှာမှာလည်း ၁ ပင်စိုက် ၁ ပင်ရှင်ရမယ်ဆိုတဲ့ ကမ်ပိန်းကို ဆောင်ရွက်နေပါတယ်။ ပြည်သူအားလုံးကို ပန်ကြားလိုတာကတော့ သစ်ပင်စိုက်ပျိုးမှုကို အလေးထားပြီးတော့ ၁ ယောက်ကို ၁ ပင်နှုန်းနဲ့ ရှင်သန်အောင် ပြုစုပျိုးထောင်ပေးပါလို့ တိုက်တွန်းအပ်ပါတယ်။" လို့ ပြောပါတယ်။ ဒီနေ့ပြုလုပ်တဲ့ အခမ်းအနားမှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေလည်း တက်ရောက်ခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို အလေးထား ဆောင်ရွက်နေကြောင်း ပြောဆိုခဲ့ပါသေးတယ်။ ဒါ့အပြင် တိုင်းအတွင်းက စိမ်းလန်းစိုပြေတဲ့ ကျောင်း ၆ ကျောင်းကို ရွေးချယ်ပြီး ပထမဆုံးအကြိမ်အဖြစ် ဆုပေးခဲ့ပါသေးတယ်။ အခြေခံစံနှုန်း ၄ ချက်၊ အညွှန်းကိန်း ၁၇ ချက်နဲ့ စိစစ်ရွေးချယ်ခဲ့တာမှာ ပင်လည်ဘူး၊ ရွှေဘို၊ ယင်းမာပင်၊ မုံရွာ၊ အင်းတော်၊ စစ်ကိုင်း စတဲ့မြို့နယ်တွေက စာသင်ကျောင်းတွေ ရရှိခဲ့ပါတယ်။ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက "ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါ ပြည်သူလူထုပူးပေါင်း ပါဝင်လာဖို့က အရေးကြီးတယ်။ ဒီအတွက် နည်းလမ်းတွေ စဉ်းစားတဲ့အခါ စာသင်ကျောင်းတွေကို အခြေပြုပြီး လုပ်ဆောင်တာက ထိရောက်နိုင်တာကို တွေ့တယ်။ စာသင်ကျောင်းတွေကနေ ကျောင်းသားကျောင်းသူတွေကို ပတ်ဝန်းကျင်ဆိုင်ရာ အလေ့အကျင့်ကောင်းတွေ သင်ပြပြီး သူတို့ကတဆင့် သူတို့ရဲ့ မိဘဆွေမျိုး ပတ်ဝန်းကျင် ရပ်ရွာတွေကို ပြန်ပြီး ပျံ့နှံ့စေမယ်။ ဒီအတွက် စံသတ်မှတ်ချက်တွေနဲ့ ပထမဆုံးအကြိမ်အဖြစ် ကိုက်ညီတဲ့ ကျောင်းတွေကို စိစစ်ရွေးချယ်ပြီး ဆောင်ရွက်တာဖြစ်ပါတယ်" လို့ ပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်း မတ်လကုန်ပိုင်းမှာ တောမီးတွေကြောင့် တချို့နေရာတွေမှာ လေထု အရည်အသွေး ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း စက်ရုံအလုပ်ရုံတွေရပ်နားတာ၊ လူတွေရဲ့ ယန္တရားအသုံးပြုမှု လျော့နည်းတာတွေကြောင့် မေလအတွင်း လေထုအရည်အသွေး သိသိသာသာ ကောင်းမွန်လာပါတယ်။  ပတ်ဝန်းကျင်ထိန်းသိမ်းရေးအနေနဲ့ သစ်တောဦးစီးဌာနကလည်း သစ်ပင်ပြန်မပေါက်နိုင်တဲ့ နေရာတွေမှာ သစ်စေ့မြေလုံးတွေ ကြဲချတာတွေ ပြုလုပ်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024