အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ ဖွဲ့စည်း
DVB
·
May 9, 2013
အစိုးရအဖွဲ့ဟာ အခွန်ကောက်ခံမှု စနစ်တကျ ဖြစ်ရေးနဲ့ အခွန် ပြည့်ပြည့်၀၀ရရေး ရည်မှန်းချက် အကောင်အထည်ဖော်ဖို့ဆိုပြီး အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ မေ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေငြာပါတယ်။
ဒီအဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် သူရဦးသောင်းလွင်ကို တာဝန်ပေးထားပြီး အတွင်းရေးမှူးအဖြစ် ပြည်တွင်းအခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကို တာဝန်ပေးထားကာ ပြင်ပပညာရှင်တွေ အပါအ၀င် စုစုပေါင်း အဖွဲ့ဝင် ၉ ယောက်နဲ့ ဖွဲ့စည်းထားပါတယ်။
လက်ရှိ အခွန်ကောက်ခံရေး စနစ်ကျဖို့နဲ့ အခွန်အပြည့်အ၀ရဖို့ဆိုရင် အခွန်ဦးစီးဌာနမှာ အခွန်လုပ်ငန်း ကျွမ်းကျင်တဲ့ ၀န်ထမ်းတွေ အများကြီးရှိနေဖို့ လိုတယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာန အငြိမ်းစား အရာရှိ ဦးဟန်ထွန်းက ဒီဗွီဘီ ကို ပြောပါတယ်။
လက်ရှိ ပြည်တွင်းအခွန်ဦးစီးဌာနမှာ စစ်ဘက်အရာရှိဟောင်းတွေက များနေပြီး ညွှန်ချုပ်ကိုလည်း ခန့်အပ်နိုင်ခြင်း မရှိသေးပါဘူး။
ဒီအဖွဲ့အနေနဲ့ အခွန်စည်းကြပ်ရာမှာ ရသင့်တဲ့ အခွန်တွေ ရ မရ စိစစ်ဖို့နဲ့ အခွန်ကောက်ခံမှုတွေကို စိစစ်ပြီး သုံးသပ်အကြံပြုချက်တွေ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနကို တင်ပြဖို့။ ရသင့်တဲ့ အခွန်ရဖို့၊ နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီဖို့အတွက် လက်ရှိ အခွန်ကောက်ခံမှုနဲ့ ပတ်သက်ပြီး လေ့လာသုံးသပ် အကြံပြုဖို့ တာဝန်တွေ ပေးအပ်ထားပါတယ်။