DVB Logo
Home
မြန်မာသတင်း
အစိုးရတပ်က ရှမ်းတပ်စခန်းကို ၀င်ရောက်ပစ်ခတ်
DVB
·
May 9, 2013
Donate to DVB

တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းဒေသမှာ အစိုးရတပ်တွေက အပစ်အခတ်ရပ် ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့တပ်စခန်းတခုကို ဒီနေ့မနက် ၀င်ရောက်ပစ်ခတ်ခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဆစ်ကောဝ့်ဝမ့် ကျေးရွာအုပ်စု နောင်မရွာမှာရှိတဲ့ ရှမ်းပြည်တပ်မတော်အခြေစိုက်စခန်း ၁ ခုကို စကခ ၁၆ လက်အောက်ခံ အစိုးရစစ်ကြောင်း အင်အား ၅၀ လောက်က ဒီမနက် ၀င်ရောက်ပစ်ခတ်တဲ့အတွက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ ပြောခွင့်ရ ဗိုလ်ကြီး စိုင်းဆိုင်မိုင်း က ပြောပါတယ်။

အစိုးရတပ်က သူတို့ကို ၀င်တိုက်ရခြင်းအကြောင်း ၂ ချက်ရှိနိုင်ကြောင်း၊ ပထမအချက်က ပြီးခဲ့တဲ့လက အဲဒီဒေသမှာ ဓာတ်ပုံလိုက်ရောင်းရင်း ပျောက်ဆုံးသွားတဲ့ လူ ၄ ဦးကို ရှမ်းပြည်တပ်မတော်ဘက်က ဖမ်းဆီးထားတာလို့ အစိုးရတပ်ဘက်က စွပ်စွဲထားတာ ရှိကြောင်း၊ ဒုတိယအချက်ကတော့ သူတို့ရှမ်းတပ်က ဒီဒေသမှာ မူးယစ်ဆေးဝါးစွဲသူတွေအတွက် ပြန်လည်ထူထောင်ရေးစခန်းဆောက်ဖို့ ပြင်ဆင်နေတာမှာ နယ်မြေအခြေစိုက် ပြည်သူ့စစ်က မလိုလားတဲ့အတွက် အစိုးရတပ်နဲ့ ပူးပေါင်းပစ်ခတ်တာလို့ ယူဆရကြောင်း သူက ပြောပါတယ်။

ဒီနေ့မနက်က သူတို့ကို လာပစ်တဲ့ထဲမှာ ပြည်သူ့စစ်တွေ ပါ၊ မပါ မသိရပေမယ့် မေ ၅ ရက်နေ့က တိန်းခါးရွာမှာရှိတဲ့ သူတို့တပ်ကို မီးရှို့ဖျက်ဆီးတဲ့ထဲမှာတော့ ပြည်သူ့စစ်တွေလည်း ပါတယ်လို့ ဗိုလ်ကြီး စိုင်းဆိုင်မိုင်းက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ရှမ်းပြည်တပ်မတော်ဘက်က တပ်သား ၁ ဦး ဒဏ်ရာရကြောင်း သိရပြီး ပစ်ခတ်မှုတွေ မပြီးသေးတဲ့အတွက် စာရင်း အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

နမ့်ခမ်းမြို့နယ် ကျားဖြူပါတီဝင် ပြည်သူ့လွှတ်တော်အမတ် စိုင်းကျော်အုန်းကတော့ အစိုးရတပ်ဘက်က ဒဏ်ရာရသူ ၈ ဦးလောက်ကို နမ့်ခမ်းဆေးရုံနဲ့ ဒဏ်ရာပြင်းထန်သူတချို့ကိုတော့ မူဆယ်ဆေးရုံကို ပို့ဆောင်တယ်လို့ သိရကြောင်း ပြောပါတယ်။

ဒီမနက် ပစ်ခတ်မှုကြောင့် ရွှေလီမြစ်ကမ်းနံဘေးမှာရှိတဲ့ ဟိုနောင်၊ နောင်ကျန်း၊ နောင်မတာ၊ ဟိုဆိုင်း၊ နောင်ခမ်း၊ နောင်တိန်း၊ ကွန်ဟိုင်းနဲ့ ၀မ်တာဟေး စတဲ့ရွာက ဒေသခံတွေ နမ့်ခမ်းမြို့ပေါ်ဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးနီးစပ်အိမ်တွေဘက် ထွက်ပြေးလာသလို တချို့ကလည်း တရုတ်ပြည် နောင်တောဝ်းရွာဘက် ထွက်ပြေးသွားကြကြောင်း၊ ထွက်ပြေးသူ လူဦးရေ စုစုပေါင်း ၁ ထောင်ကျော်ရှိမယ်လို့ ပြည်သူ့လွှတ်တော်အမတ် စိုင်းကျော်အုန်းက ခန့်မှန်း ပြောဆိုပါတယ်။

ရှမ်းပြည်တပ်မတော်နဲ့ အစိုးရ အပစ်ခတ်ရပ်လက်မှတ်ရေးထိုးပြီးပေမယ့်လည်း တိုက်ပွဲတွေ ပြန်ဖြစ်နေတာနဲ့ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက “သမ္မတကလည်း လုပ်နေတာပဲ။ မပိုင်ဘူးလေ။ တပ်က တမျိုးဖြစ်နေတယ်။ အဲဒါကြောင့် တိုင်းပြည်က တမျိုးဖြစ်နေတာပေါ့။ အုပ်ချုပ်ရေးအောက်မှာ တပ်မတော်က မရှိဘူးဖြစ်နေတယ်။ နောက်ငြိမ်းချမ်းရေးအဖွဲ့ကလည်း အခု ဦးသိန်းဇော်တို့ အဖွဲ့ ပေါ်လာပြန်ပြီ။ အခု သူတို့အဖွဲ့နဲ့ ဦးသိန်းဇော် ဦးဆောင်ပြီး ပြောမယ်လို့ ပြောတာပဲ” လို့ ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် လွိုင်တိုင်းလျဲန်းအခြေစိုက် ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က အစိုးရနဲ့ ပြည်နယ်အဆင့်ရော၊ ပြည်ထောင်စုအဆင့်မှာပါ အပစ်အခတ်ရပ် သဘောတူလက်မှတ်ရေးထိုးခဲ့ပေမယ့် ပစ်ခတ်မှု အကြိမ်ပေါင်း ၅၀ ကျော် ပြန်ဖြစ်ခဲ့တယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013