DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်မြို့နယ် တပ်သိမ်းမြေကိစ္စ တိုင်းမှူးနှင့် တောင်သူများ တွေ့ဆုံညှိနှိုင်း
DVB
·
June 4, 2020
ဆီဆိုင်မြို့နယ် တပ်သိမ်းမြေကိစ္စ တိုင်းမှူးနှင့် တောင်သူများ တွေ့ဆုံညှိနှိုင်း
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း တပ်သိမ်းမြေနဲ့ပတ်သက်ပြီး အငြင်းပွားမှုကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက တောင်သူတွေနဲ့ ဆီဆိုင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးမှာ  ဇွန် ၄ ရက်က တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။

တွေ့ဆုံရာမှာ ယာယီသက်သေခံပစ္စည်းအနေနဲ့ သိမ်းထားတဲ့ လယ်ထွန်စက်တွေကို ပြန်ပေးဖို့နဲ့ အမှုပြန်ပိတ်သိမ်းပေးဖို့၊ ဒီမြေကို ပြဋ္ဌာန်းထားတဲ့ မြေယာမူဝါဒ သိမ်းဆည်းခံ ၅၂ ချက် နဲ့အညီ အစိုးရကရော တပ်မတော်ကပါ ပြန်လည်စိစစ်ပေးဖို့ တောင်သူတွေက တောင်းဆို လိုက်ပါတယ်။

ဒီတောင်းဆိုမှုကို တပ်ဘက်က တိကျတဲ့အဖြေပေးသွားတာမရှိဘူးလို့  ညှိနှိုင်းပွဲ တက်ရောက်ခဲ့သူက  ပြောပါတယ်။

ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်သူ ခွန်ကျော်နိုင်က “အဖြေကတော့ မတင်မကျပဲ။ တပ်ကသူတို့သိမ်းဆည်းထားတာကို တောင်သူများသိရှိကြောင်း တပ်ကအဲဒါလိုချင်တာ။ တောင်သူကတော့ မဟုတ်ဘူး၊ တပ်သိမ်းတာနယ်နိမိတ်က ဒီနားမရောက်ဘူး။ ဟိုးယခင်က အစဉ်အဆက် စိုက်ပျိုးလာခဲ့တာ တပ်သိမ်းမြေ မဟုတ်ဘူး၊ တပ်ကသိမ်းတာ အပေါ်ခြမ်းပဲဆိုတဲ့ဟာမျိုး တောင်သူကအပြန်လှန်ပြောဆိုတယ်။ ဒီနှစ်တောင်သူတွေ ပြန်စိုက်ပျိုးဖို့အတွက် တပ်ကစဉ်းစားပေးရဦးမယ်။ အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးမယ်ဆိုတဲ့ မတင်မကျအဖြေပဲပြောသွားတယ်” လို့ ပြောပါတယ်။

လက်ရှိ တပ်ကသိမ်းဆည်းထားတဲ့ လယ်ထွန်စက် ၂၉ စီးကို တောင်သူတွေရဲ့ခံဝန်နဲ့ ပြန်ထုတ်ပေးမှာဖြစ်ပြီး အမှုကိုတော့ ပိတ်သိမ်းခြင်းမျိုးမရှိဘဲ တရားရုံးကို တင်သွားမယ်လို့ ဆီဆိုင်မြို့နယ် ရဲမှူးကပြောပါတယ်။

“လယ်ထွန်စက်ကို ဒီနေ့ပြန်ထုတ်ပေးမှာပါ။ အမှုကတော့ဆက်လက်တရားစွဲရမှာပေါ့။ တပ်က တိုင်းမှူးကိုယ်တိုင်ဆင်းတာလေ။ တပ်ပိုင်ဆိုတာ ၁၉၉၆ ခုနှစ်က အထောက်အထားတွေ အကုန်ရှိပြီးသားပေါ့။ တပ်ပိုင်ဆိုတာ အသိအမှတ်ပြုဖို့ပေါ့ တိုင်းမှူးကတော့ အဲဒါပြောတာပေါ့။ တောင်သူတွေဆက်မလုပ်ဖို့တားတာပေါ့။ လောလောဆယ် တပ်ပိုင်မြေဖြစ်တဲ့အကြောင်း ဆက်ပြီးတော့ တပ်ပိုင်မြေထဲမှာ ဝင်ရောက်ထွန်ယက်ပြီးမလုပ်ဖို့ အသိပေး အကြောင်းကြားတာပေါ့” လို့ ဆီဆိုင်မြို့နယ် ရဲမှူး သီဟန်ကပြောပါတယ်။

အဲဒီမြေနဲ့ပတ်သက်ပြီး တောင်သူတွေက ဝင်ရောက်ထွန်ယက်လုပ်ကိုင်တဲ့အတွက် တောင်သူ ၇၀ ကျော်ကို  အမှု ၈ မှုနဲ့ တပ်က အမှုဖွင့်ထားတာရှိပါတယ်။

ဆီဆိုင်မြို့နယ်၊ တောင်ကြီး-လွိုင်ကော်လမ်းအနောက်ဘက် မြေဧက ၁၉၀၀ ဟာ စစ်တပ်မရောက်ခင်ကတည်းက တောင်သူတွေ လုပ်ကိုင်စားသောက်နေကြတာဖြစ်ပြီး တပ်ပိုင်မဟုတ်ဘဲ တပ်ကသိမ်းသွားတာလို့ တောင်သူတွေက ပြောပါတယ်။

အဲဒီမြေအငြင်းပွားမှုကို ဖြေရှင်းပေးဖို့နဲ့ တပ်သိမ်းမြေတွေအားလုံးကို မူလပိုင်ရှင် တော်သူတွေထံ ချက်ခြင်းပြန်ပေးဖို့  ဇွန်လ ၃ ရက်နေ့က အရပ်ဘက်အဖွဲ့အစည်း ၂၀၀ လောက်က စုပေါင်းသဘောထားထုတ်ပြန် တောင်းဆိုထားပါတယ်။

အဲဒီမြေဟာ ခမရ ၄၂၃ ၊ ၄၂၄ က ၁၉၉၂ ခုနှစ်မှာ ယာယီအဖြစ် သိမ်းဆည်းခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က သိမ်းဆည်းခဲ့တယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။

သတင်း- ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013