Home
မြန်မာသတင်း
ရန်ကုန်စည်ပင်က သံစုံတီးဝိုင်းဖိုး ငွေကျပ် ၁၃၇ သန်းကျော်သုံးမည့်ကိစ္စ အန်အယ်လ်ဒီ အမတ်များ အပြင်းအထန် ကန့်ကွက်  
ဇေယျာချမ်းအေး
·
June 4, 2020
35144087_2088703778122090_4818636835741761536_o
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သံစုံတီးဝိုင်းအတွက် ငွေကျပ် ၁၃၇ သန်းကျော်အသုံးပြုဖို့ ရန်ုကုန်တိုင်းဒေသကြီး လွှတ်တော်မှာတင်ပြလာတာကို အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေက အပြင်းအထန် ဝေဖန်လိုက်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လာမယ့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်မှာ သံစုံတီးဝိုင်းတစ်ခု အတွက် ငွေကျပ် ၁၃၇ သန်းကျော်အသုံးပြုဖို့ ဇွန်လ ၄ ရန်ကုန်တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေးမှာ  ဘတ်ဂျက်တောင်းခံထားတာပါ။ ဒီသံစုံတီးဝိုင်းဟာ ရန်ကုန်စည်ပင်ရဲ့ ဧည့်ခံပွဲအခမ်းအနားတွေမှာ အသုံးပြုဖို့ ဖြစ်တယ်လို့ စည်ပင်က ဆိုပါတယ်။ ပြည်သူတွေအတွက် လိုအပ်ချက်တွေအများကြီးရှိနေသေးတဲ့အချိန်မှာ သံစုံတီးဝိုင်းအတွက် သုံးသင့်မသုံးသင့်စဉ်းစားဖို့နဲ့ စည်ပင်တာဝန်ရှိသူတွေက ငွေကြေးတောင်းခံရာမှာ အဆင့်ဆင့် စိစစ်ပြီးမှ လွှတ်တော်ကိုတင်သင့်တယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တဲ့  ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာနဲ့ သာကေတမြို့နယ် လွှတ်တော် ကိုယ်စားလှယ်  ဒေါ်သက်ထားနွယ်ဝင်းတို့က ဝေဖန်လိုက်ပါတယ်။  ရန်ကုန်တိုင်းအစိုးရက ဘတ်ဂျက်ပိုသုံးစွဲမယ်ဆိုပေမယ့် ရန်ကုန်တိုင်းအတွင်း မြို့နယ် အသီးသီးက ဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ပမာဏနည်းပါးတာကို တွေ့ရတယ်လို့ လည်း လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်ပါတယ်။ အဲဒါအပြင် စည်ပင်လုပ်ငန်းဆောင်ရွက်ဖို့ ဘတ်ဂျက်တင်တဲ့နေရာမှာ အရင်နှစ်တွေထက် ငွေပိုတင်ထားတာ အများကြီး တွေ့ရတယ်လို့ ဆိုပါတယ်။ အမှန်တကယ်လိုအပ်ချက်ဖြစ်တဲ့ ဒေသဖွံ့ဖြိုးရေးနဲ့ စက်ပစ္စည်းတွေဝယ်ယူတဲ့နေရာမှာ ရန်ကုန်အစိုးရက ငွေပိုသုံးစေချင်တယ်လို့ မော်ဘီမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်က ပြောပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ရန်ကုန်အစိုးရဟာ ငွေကျပ် ၇၂၀ ဘီလီယံကျော်အသုံးပြုထားပြီး လာမယ့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ငွေကျပ် ၉၂၀ ဘီလီယံကျော်အသုံးပြုဖို့ တိုင်းလွှတ်တော်ကို တင်ပြထားတဲ့အတွက် လာမယ့်နှစ်မှာ အခုနှစ်ထက် ငွေကျပ် ၂၀၀ ဘီလီယံလောက်  ပိုသုံးစွဲမှာဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းအစိုးရရဲ့ ရသုံးငွေစာရင်းပါဖော်ပြချက် ငွေကျပ် ၉၂၀ ဘီလီယံကျော်ထဲက ငွေကျပ်သန်းပေါင်း ၄၁၀၀၀ ကျောက်ကို  ပြည်သူ့ ငွေစာရင်းကော်မတီနဲ့ ပူးပေါင်းအဖွဲ့ ၉ ဖွဲ့တို့က စိစစ်ဖြတ်တောက်ထားပါတယ်။ ဒီဖြတ်တောက်မှုကို လွှတ်တော်ကိုယ်စားလှယ်အများစုက ထောက်ခံပြီး တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုပေးဖို့ တင်ပြထားကြပါတယ်။ ဓာတ်ပုံ- YGN Hluttaw
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024