Home
မြန်မာသတင်း
မြန်မာ့ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်ပြီး ဆွေးနွေး
DVB
·
May 8, 2013
ဩစတြေးလျနိုင်ငံက လွှတ်တော်အမတ်တွေ ပညာရှင်တွေနဲ့ မြန်မာလွှတ်တော်အမတ်တွေ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေရဲ့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲဟာ အကျိုးသက်ရောက်မှုရှိမယ်လို့ ရှေ့နေဦးကိုနီက ပြောပါတယ်။ ရန်ကုန်မြို့ Micasa Hotel မှာ ဒီနေ့စတင်တဲ့ ဆွေးနွေးပွဲမှာ အင်ဒိုနီးရှားနိုင်ငံရဲ့  စစ်အုပ်ချုပ်ရေးကနေ အရပ်ဘက်အုပ်ချုပ်ရေးကို ကူးပြာင်းတဲ့ကိစ္စ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းနဲ့ လူ့အခွင့်အရေး ကိစ္စတွေကို ဆစ်ဒနီဥပဒေကျောင်း ပညာရှင် ၃ ဦးက ကျင်းပဆွေးနွေးခဲ့တယ်လို့ ကိုယ်တိုင်တက်ရောက်သူ ရှေ့နေ ဦးကိုနီက ပြောပါတယ်။ “ဒီဆွေးနွေးပွဲဟာ လက်ရှိမြန်မာနိုင်ငံအတွက် အပြောင်းအလဲက တော်တော်ကြီးကြီးမားမား အထောက်အကူတခု ဖြစ်လိမ့်မယ်လို့ ထင်တယ်။ ပထမတချက်က ဟောပြောပို့ချတာ အားလုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်သင့်တယ်၊ ဘယ်လိုပြင်ရင် ကောင်းမလဲ လွှတ်တော်က ကော်မတီဖွဲ့ပြီးတော့ လေ့လာမယ့်အချိန်မျိုးမှာ သူတို့တွေ လာပြီး ဟောပြောပို့ချတော့ အချိန်အားဖြင့် အန်ကိုက်ဖြစ်သွားတယ်။ ပို့ချတဲ့အကြောင်းအရာတွေကလည်း တကယ့်ကို ဒီမိုကရေစီနိုင်ငံတခုကို သွားမယ်ဆိုရင် ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေခံဥပဒေဆိုင်ရာ သဘောတရားတွေကို ပို့ချတယ်။ နောက် လူ့အခွင့်အရေးဆိုင်ရာ သဘောတရားတွေလည်း ပို့ချတယ်။ အပြောင်းအလဲကို တဖြည်းဖြည်း ပြောင်းယူသွားတဲ့ အင်ဒိုနီးရှားနဲ့လည်း နမူနာပေးပြီး သွားတော့ ကျနော်တို့ နိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံက အခြေခံအားဖြင့် သမိုင်းကြောင်းက တော်တော်လေးတူနေတယ်။ စစ်အာဏာရှင်လက်ထဲကနေ ဒီမိုကရေစီဘက်ကို ပြောင်းယူတဲ့ဟာက ပုံစံတူတော့ ဒီနေ့ အလုပ်ရုံဆွေးနွေးပွဲက ဆွေးနွေးချက်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး သိသွားရင်တော့ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့ကိစ္စကို အများကြီး အထောက်အပံ့ဖြစ်မယ်လို့ ကျနော်ယုံကြည်တယ်။” ဒီအလုပ်ရုံဆွေးနွေးပွဲကို မြန်မာ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့သက်ဆိုင်တဲ့ ဒီမိုကရေစီ (Myanmar constitutional Democracy) လို့ အမည်ပေးထားပြီး ဩစတြေးလျနိုင်ငံ ဆစ်ဒနီ ဥပဒေကျောင်းက ပညာရှင်တွေ၊ လွှတ်တော်အမတ်တွေက ကမကထပြု ကျင်းပတာဖြစ်ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲကို တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်လာသလို လွှတ်တော်အမတ်တွေ၊ ရှေ့နေတွေလည်း တက်ရောက်ကြပါတယ်။ အလုပ်ရုံဆွေးနွေးပွဲကို မေလ ၁၀ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး မနက်ဖြန်မှာ တရားဥပဒေ စိုးမိုးရေးနဲ့ပတ်သက်လို့ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၊ ကော်မရှင် များဖွဲ့ရေး အဆိုကို ပြည်ထောင်စုလွှတ်တော်မှာ ပြီးခဲ့တဲ့ မတ် ၁၅ ရက်နေ့က အတည်ပြုခဲ့ပါတယ်။ Read more

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024