DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက် ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တရားရုံးများတွင် ပြစ်ဒဏ်စီရင်
DVB
·
May 8, 2013
အကြမ်းဖက် ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တရားရုံးများတွင် ပြစ်ဒဏ်စီရင်
Donate to DVB

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ပါဝင်တဲ့သူတွေကို တရားရုံးတွေက ပြစ်ဒဏ်စီရင်နေပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့နှစ် ဇွန်လက ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသား ၁၀ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးတရားစွဲဆိုခဲ့ပါတယ်။ မနေ့ မေ ၇ ရက်နေ့မှာတော့ သူတို့ကို ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပါတယ်။

[caption id="attachment_37805" align="alignleft" width="300" caption="မတ်လ ၂၃ ရက်နေ့တွင် တွေ့မြင်ရသည့် မိတ္ထီလာမြို့ အပျက်အစီး မြင်ကွင်း"][/caption]

တရားစွဲဆို ထောင်ချခံရသူတွေဟာ ကျောက်တော်မြို့နယ် ကျောက်ဖြူရွာသစ်၊ ရွာသစ်ကေ၊ အုတ်ကြွက်နဲ့ ကသစ်တော ကျေးရွာတွေက ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ကို စစ်တွေမြို့နယ် တရားရုံးကနေ ပြစ်မှုဆိုင်ရာ နွားခိုးမှုနဲ့  အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ်စီ၊ မီးရှို့မှုနဲ့ အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တာလို့ လိုက်ပါ ကူညီဆောင်ရွက်ပေးတဲ့ သူတို့ရဲ့ ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

သူတို့ထဲက တချို့ကို နွားခိုးမှုနဲ့ ထောင်ဒဏ် ၁ နှစ်စီ ချခံရသူတွေရှိသလို မီးရှို့မှု ၃ နှစ်စီနဲ့ ချတဲ့ တရားခံတချို့လည်း ရှိတယ်။ ပြစ်မှု ၂ ခုစလုံးအတွက် တပေါင်းတည်း ကျခံရတဲ့ တရားခံတွေလည်း ရှိတယ်လို့ ရှေ့နေ ဒေါ်အေးနုစိန်က ဒီဗွီဘီကို ပြောပါတယ်။

ထောင်ဒဏ်ချမှတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားခံတွေအနေနဲ့ မကျေနပ်တဲ့အတွက် စစ်တွေ ခရိုင်တရားရုံးကို ဆက်လက် အယူခံဝင်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

အလားတူ မန္တလေးတိုင်း မိထ္တီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအတွင်း ဗုဒ္ဓဘာသာ ဘုန်းကြီး ၁ ပါးကို သတ်ဖြတ်ခဲ့မှုနဲ့ပတ်သက်ပြီး အစ္စလာမ်ဘာသာဝင် ၇ ဦးကို တရားစွဲဆိုထားပါတယ်။

မျိုးထွန်းထွန်း၊ ဖိုးချို၊ မျိုးညွန့်ဦး၊ ဇော်ထက်နိုင်၊ မျိုးဝင်း(ခ)ဒါဂျိဂန်း တို့ကို တရားမ၀င် လူစုလူဝေးဖြင့် ဆူပူဖန်တီးမှု၊ သာသနာ ညစ်နွမ်းစေမှု၊ လူသတ်မှုကို အားပေးကူညီမှုတို့နဲ့ စွဲချက်တင်လိုက်ပြီး မြတ်ကိုကို(ခ) အဏ္ဏ၀ါကိုတော့ လူသတ်မှု၊ ညမထွက်ရအမိန့် ချိုးဖောက်မှုနဲ့ သာသနာညှိုးနွမ်းစေမှု ပုဒ်မတွေနဲ့ မေ ၆ ရက်နေ့က စွဲချက်တင်ထားပါတယ်။

ဧပြီ ၇ ရက်နေ့က ၄ ဦးကို စစ်ဆေးပြီး ဒီနေ့မှာတော့ ကျန် ၂ ဦးကို ရုံးထုတ်စစ်ဆေးတယ်လို့ စွပ်စွဲခံရသူတွေဘက်က ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။ တရားခံပြသက်သေတွေကို စစ်ဆေးပြီးရင်တော့ နှစ်ဘက် လျှောက်လဲချက်ကြားနာပြီး အမိန့်ချမှတ်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဖမ်းဆီးတရားစွဲဆိုခံရတဲ့ အသက် ၁၇ နှစ်အရွယ် ညီညီနိုင်ကိုတော့ အသက်မပြည့်တဲ့အတွက် ကလေးသူငယ်အက်ဥပဒေနဲ့ အသစ်ပြန်လည် တရားစွဲဆိုသွားမယ်လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

အလားတူ ပဲခူးတိုင်း မိုးညိုမြို့နယ်မှာလည်း ပြီးခဲ့တဲ့မတ်လကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအတွင်း လူ ၅ ဦးကို ဖမ်းဆီးတရားစွဲဆိုထားတယ်လို့ မိုးညိုမြို့နယ်က ဦးတင်ဝင်းက ပြောပါတယ်။ သူတို့ကို ပုဒ်မ ၄ ခုနဲ့ တရားစွဲဆိုထားပြီး ဒီနေ့မှာ ရုံးထုတ်စစ်ဆေးတယ်လို့ ပြောပါတယ်။

“၅ ဦးမှာ ရွာက ၄ ဦးက ကလေး၊ အသက် ၁၆ နှစ်လောက်ပဲရှိသေးတယ်။ ကျောင်းသားတွေပါ။ မြို့ပေါ်က ကိုနန်းထိုက်က အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ။ မိုးညိုဖြစ်စဉ်က တကယ်လုပ်တဲ့၊ ဦးဆောင်တဲ့သူတွေကို မစွဲဘဲ နောက်က လိုက်တဲ့သူတွေကို ဖမ်းတာပဲ တွေ့ရသေးတယ်။ အခု စောင့်ကြည့်နေတယ်၊ နောက်ထပ် ဘယ်သူတွေ ဖမ်းမလဲဆိုတာ။ တရားရုံးကလည်း ပုဒ်မ ၄ ခုတပ်ထားတယ်၊ ပုဒ်မ ၁၄၅၊ ၂၉၅၊ ၄၅၂နဲ့ ၄၂၇နဲ့ စွဲထားတာ ၁ လလောက်ရှိသွားပြီ။”

မတ်လတုန်းက မိတ္ထီလာမြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ ရက်ပိုင်းအတွင်း ပြည်မြို့ အနီးတ၀ိုက်ရှိ မင်းလှ၊ စစ်ကွင်း၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်းနဲ့ ပုတီးကုန်း စတဲ့မြို့နယ်တွေကို ကူးစက်ပျံနှံ့ခဲ့ပြီး အခုနောက်ပိုင်း အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013