A d v e r t i s e m e n t With Us

အင်ဒိုနီးရှားရဲနှင့် မြန်မာသံရုံးဗုံးခွဲမည်ဟု သံသယရှိသူတို့ ပစ်ခတ်မှုဖြစ်

အင်ဒိုနီးရှား အကြမ်းဖက်မှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့ဟာ မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြံစည်တဲ့ကိစ္စမှာ ပတ်သက်ကောင်းပတ်သက်နိုင်တယ်လို့ သံသယဖြစ်ခံရတဲ့ လူ ၄ ဦးနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်း (BANDUNG) က လာတဲ့ အေအက်ဖ်ပီ သတင်းမှာ ရေးပါတယ်။ အနောက်ဂျာဗားပြည်နယ် ဘန်ဒေါင်းမှာ ဒေသစံတော်ချိန် ၁၁ နာရီခွဲလောက်က ပစ်ခတ်ကြတာလို့ အမျိုးသားရဲတပ်ဖွဲပြောခွင့်ရသူ ဘွိုင်း ရာဖ်လိ အမာ (Boy Rafli Amar) ရဲ့ ပြောဆိုချက်ကို အေအက်ဖ်ပီက ကိုးကားပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှု နောက်ဆက်တွဲကိုတော့ မသိရသေးပါဘူး။ ရုပ်မြင်သံကြားမှာ ပြသတဲ့ပုံတွေမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဟာ စပါးခင်းတွေအကြားက အိမ်တလုံးကို ပစ်ခတ်နေတဲ့ ပုံတွေပါရှိပါတယ်။ အခုဖြစ်ရပ်ဟာ ဂျကာတာမှာ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ဖမ်းဆီးမှုအပြီး နောက်ဆက်တွဲဖြစ်တယ်လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ နာနန် ဆိုကာနာ (Nanan Soekarna) က ပြောပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးရဲတွေဟာ ပြီးခဲ့တဲ့ မေ ၂ ရက်နေ့တုန်းက ဂျကာတာအခြေပြု မြန်မာနိုင်ငံသံရုံးကို ဗုံးခွဲတိုက်ခိုက်မယ်လို့ သံသယဖြစ်ဖွယ် လူ ၂ ဦးကို ထိန်းသိမ်းခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ မြန်မာပြည်က ဒေသတချို့မှာ မွတ်စလင်တွေရဲ့ အိုးအိမ်အဆောက်အဦတွေကို အကြမ်းဖက်ဖျက်ဆီးမှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဖြစ်ခဲ့တာပါ။ ဒီလူတွေဟာ မေ ၃ ရက်နေ့မှာ သံရုံးကို တိုက်ခိုက်ဖို့ စီစဉ်ထားကြတယ်လို့ ရဲတပ်ဖွဲ့အဆင့်မြင့်အရာရှိတဦးကို ကိုးကားပြီး အေအက်ဖ်ပီက ရေးပါတယ်။ အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ မွတ်စလင်အများဆုံးနိုင်ငံတခုဖြစ်ပြီး မြန်မာပြည်က ရခိုင်၊ မိထ္ထီလာနဲ့ ပဲခူးတိုင်းတွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up