Home
မြန်မာသတင်း
နိုင်ငံလုံးဆိုင်ရာ အန်အယ်လ်ဒီ ပညာရေးကွန်ရက် ညီလာခံ ကျင်းပမည်
DVB
·
May 8, 2013
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က မကြာခင်ကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ရက် ညီလာခံမှာ မြန်မာ့ပညာရေးကိစ္စကို အကျယ်တ၀င့်ဆွေးနွေးပြီး လွှတ်တော်ကို တင်ပြမယ်လို့ ကွန်ယက်တာဝန်ရှိသူတဦးက ပြောပါတယ်။ လာမယ့် ဇွန်လ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ရဲ့ နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံကို ကျင်းပမှာပါ။ ညီလာခံမှာ ပညာရေးကဏ္ဍ ၈ ခု သတ်မှတ်ဆွေးနွေးမှာဖြစ်ပြီး ဆွေးနွေးချက်တွေကို လွှတ်တော်က အတည်ပြုနိုင်ဖို့ တင်ပြသွားမယ်လို့ ဦးဆောင်စီစဉ်သူ ကွန်ရက်တာဝန်ခံ ဒေါက်တာ သိန်းလွင်က ပြောပါတယ်။ “ပညာရေးမူဝါဒတခု ချမှတ်ရင် အာဏာရှိတဲ့သူကပဲ ချမှတ်ပြီး လိုက်နာခိုင်းတာမျိုး မဟုတ်ဘဲ ပညာရေးကို လက်တွေ့လုပ်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပညာရှင်တွေက အကြံပေးတာကို ရေးဆွဲတဲ့ ပညာရေးမူဝါဒဖြစ်ဖို့ ဆောင်ရွက်တာပါ။ လွှတ်တော်ကနေ အတည်ပြုပေးဖို့ မျှော်မှန်းပါတယ်။ ဘယ်နှချက်ဖြစ်မယ်တော့ မသိသေးပါဘူး။ ပညာရေးကဏ္ဍ ၈ ခု အကြံပြုထားတယ်။ ဒါက ဆွေးနွေးမယ့်သူတွေရဲ့ အဆုံးအဖြတ်မှာ မူတည်ပါတယ်။” ပညာရေးကွန်ရက်ဆွေးနွေးပွဲတွေကို ပြည်နယ်နဲ့တိုင်း ၆ ခုမှာ ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ ကျန်တဲ့တိုင်းနဲ့ ပြည်နယ်အသီးသီးကလည်း ဒီလအတွင်းမှာ ဆွေးနွေးပွဲတွေ လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ ပညာရေးကွန်ယက်ဆွေးနွေးပွဲရဲ့ ဆွေးနွေးချက် ၁၀ ချက်ကို လွှတ်တော်တင်ပြနိုင်ခဲ့ပြီး လွှတ်တော်ကနေ အချက် ၃ ချက် အတည်ပြုပေးခဲ့တယ်လို့ ဒေါက်တာ သိန်းလွင်က ဆိုပါတယ်။ “အတည်ပြုပေးခဲ့တဲ့ အချက် ၃ ချက်မှာ၊ တစ်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆွေးနွေးခဲ့တဲ့ တက္ကသိုလ်ဥပဒေကြမ်းကို ပြန်လည်ပြင်ဆင်ဖို့။ ဒုတိယအချက်က ရန်ကုန်တက္ကသိုလ်အဆင့်မြှင့်တင်ရေးလုပ်ဖို့နဲ့ တတိယအချက်က အမျိုးသားပညာရေးဥပဒေ ချမှတ်ဖို့။ အမျိုးသားပညာရေး ဥပဒေချမှတ်ဖို့ အခု ပညာရေးမူဝါဒကို ပညာရေးလက်တွေ့ဆောင်ရွက်နေသူတွေရဲ့ အကြံပေးချက်နဲ့ ရေးဆွဲဖို့ ဆောင်ရွက်ပါတယ်။” အခုကျင်းပမယ့် ညီလာခံမှာ ပညာရေးကဏ္ဍမျိုးစုံအတွက် မူဝါဒချမှတ်ဖို့ ပြည်နယ်နဲ့တိုင်းဆွေးနွေးပွဲတွေမှာ ဦးဆောင်ခဲ့တဲ့သူတွေအပါအ၀င် လူ ၅၀၀ ၀န်းကျင် တက်ရောက် ဆွေးနွေးမှာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024