DVB Logo
Home
မြန်မာသတင်း
ကျောက်မဲမြို့နယ်တွင်း အသိမ်းခံရသည့်မြေများကို စတင်စစ်ဆေးရေး
DVB
·
May 8, 2013
Donate to DVB

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်ထဲမှာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က အသိမ်းခံထားခဲ့ရတဲ့ လယ်ယာမြေတွေအတွက် စတင်စုံစမ်းစစ်ဆေးနေပါတယ်။

လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်က ဒီနေ့ မနက် ၉ နာရီကနေစပြီး  ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှာ အုပ်ချုပ်ရေးမှူး၊ မြို့နယ်မြေစာရင်း၊ မြေသိမ်းခံ ရွာသားတွေနဲ့ တိုင်ကြားခံရသူ စစ်တပ်နဲ့ ကုမ္ပဏီက ကိုယ်စားလှယ်တွေကို မျက်နှာစုံညီ ခေါ်ယူပြီး တိုင်ကြားချက်တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးခဲ့တာပါ။

ရှမ်းနဲ့ ကယားပြည်နယ် လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်က “တပ်ကသိမ်းတာ၊ ကုမ္ပဏီကသိမ်းတာတွေကို ကုမ္ပဏီဆိုရင် လက်ဖက်စိုက်ခင်းလုပ်နေတယ်။ ထွေအုပ်တို့ သိမ်းတာက မြို့ကွက်ဖော်ထုတ်ရေးလုပ်နေတယ်။ တချို့နေရာတွေကတော့ တပ်ကိုယ်တိုင် စိုက်ပျိုးနေတာ။ ဒီနေ့ စစ်ဆေးမှုအခြေအနေ ကောင်းပါတယ်။ ပွင့်လင်းမြင်သာမှု ရှိတယ်။ တောင်သူတွေလည်း ရဲရဲဝင့်ဝင့်နဲ့ သတ္တိရှိရှိ၊ ပြောဆိုရဲလာတယ်။ ကျနော်တို့ကတော့ မှန်ကန်တဲ့ သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက် ရေးပေးဖို့ပါပဲ” လို့ ပြောပါတယ်။

ဒီနေ့ စစ်ဆေးမှုမှာ ကျောက်မဲမြို့နယ် ခိုမုန်း၊ စခန်းသာ၊ ခိုအုံ၊ ကျွဲကုန်း၊ မွေတော်၊ ပိန်းနိမ်နဲ့ ကျောက်မဲလုံ  အစရှိတဲ့ ကျေးရွာအုပ်စုထဲက ရွာသား ၁၀၀ ကျော် လာရောက် တိုင်ကြားခဲ့ကြပါတယ်။

သူတို့ အသိမ်းခံရတဲ့ မြေ စုစုပေါင်း ဧက ၂ ထောင်ကျော်အတွက်  စုံစမ်းစစ်ဆေးရုံနဲ့ မပြီးဘဲ  ထိုက်သင့်တဲ့ လျော်ကြေး ဒါမှမဟုတ် အစားထိုးမြေယာတွေ အမြန်ဆုံး ပြန်လိုချင်တယ်လို့ ရွာသားတဦးက ပြောပါတယ်။

အတိုင်ကြားခံရတဲ့ဘက်က ကိုယ်စားလှယ်တွေအနေနဲ့ကတော့ အထက်က အမိန့်အရ သိမ်းယူခဲ့တာဖြစ်ပြီး  လျော်ကြေးကိစ္စ သူတို့ဘက်က ဘာမှမပြောနိုင်ကြကြောင်း ဦးစိုင်းထွန်းစိန်က ပြောပါတယ်။

စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာပေါ်မူတည်ပြီး ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတော်သမ္မတနဲ့ အခြားဌာနဆိုင်ရာက ဆုံးဖြတ်လိမ့်မယ်လို့ ဆိုပါတယ်။

ဒီနေ့အတွက် အမှုပေါင်း ၁၂ မှုကို စစ်ဆေးခဲ့ပြီး  နောက်ထပ် တိုင်ကြားလာတာတွေလည်း ရှိတဲ့အတွက် မှတ်ပုံတင်ပေးပြီးရင် ဒုတိယအကြိမ် ပြန်လာဖို့ရှိတယ်လို့ ဦးစိုင်းထွန်းစိန်က ပြောပါတယ်။

စုံစမ်းရေးကော်မရှင်အဖွဲ့ဟာ မနက်ဖြန် သီပေါမြို့နယ်ကို သွားမှာဖြစ်ပြီး အဲဒီကနေ လားရှိုးနဲ့ မူဆယ်မြို့နယ်တွေထိ သွားရောက် စစ်ဆေးမယ်လို့ ဆိုပါတယ်။

ဒီခရီးစဉ်မှာ ပြည်ထောင်စုလွှတ်တော်  ရှမ်းနဲ့ ကယားပြည်နယ် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်က ဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်နဲ့အတူ အခြားအဖွဲ့ဝင် ၂ ဦးဖြစ်တဲ့ ဦးစိုးရယ်နဲ့ ဦးစိုင်းဝင်းမောင်တို့ သွားရောက် စစ်ဆေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013