ညောင်လေးပင်မြို့နေ ထိုင်းကပြန်လာသူ ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

ထိုင်းနိုင်ငံက ပြန်လာတဲ့ ပဲခူးတိုင်း ညောင်လေးပင်မြို့က အသွားအလာကန့်သတ်ထားသူ အသက် ၂၆ နှစ်အရွယ် အမျိုးသား ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက်ထုတ်ပြန်ထားပါတယ်။  အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၆၄၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၂၆၉) ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) က ဓာတ်ခွဲနမူနာ ၁၆၆ ခု၊ စုစုပေါင်း ၁,၀၈၀ ခုအား ဒီနေ့မနက် စစ်ဆေးပြီးစီးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁ ဦး တွေ့ရှိခဲ့တာပါ။ လက်ရှိမှာတော့ လူနာသစ် အမှတ် ၂၃၃ ကို ပဲခူးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစေမယ်လို့ ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၇ နာရီအထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၂၃၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေအနက် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၁၄၃ ဦးရှိပါတယ်။ ဇွန် ၂ ရက်နေ့အတွက် ဆေးသုတေသနဦးစီးဌာန DMR က ဓာတ်ခွဲနမူနာ ၁၂၉ ခု၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ (၁,၂၉၈)ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၂၆၉ ခု နဲ့ ရန်ကုန်မြို့၊ အမှတ် ၁ တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) က ဓာတ်ခွဲနမူနာ ၁၆၆ ခု၊ စုစုပေါင်း ၁,၈၆၂ ခုအား စစ်ဆေးခဲ့တာပါ။  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ လူနာသစ် ၄ ဦး တွေ့ရှိခဲ့ပြီး ကျောက်တံတားမြို့နယ်မှာနေထိုင်တဲ့ အိန္ဒိယပြန် အသက် ၂၉ နှစ်အရွယ် အမျိုးသမီး  ၁ ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်မှာ နေထိုင်တဲ့ တရုတ်နိုင်ငံပြန် အသက် ၃၁ နှစ်အရွယ် အမျိုးသား ၁ ဦး၊ ချင်းပြည်နယ် မင်းတပ်မြို့နယ်နေ မလေးရှားပြန်အသက် ၂၃ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်နေ ပြည်ပခရီးသွားရာဇဝင်မရှိတဲ့ အသက် ၃၀ အရွယ် အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up