ပုဏ္ဏားကျွန်းမြို့အဝင်တွင် ဆွဲမိုင်း ပေါက်ကွဲပြီး  အရပ်သား  ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အဝင် ကင်းချောင်တံတားအကျော်မှာ တပ်မတော်စစ်ကြောင်း မိုင်းဆွဲခံခဲ့ရပြီး  အရပ်သားတစ်ဦး သေဆုံးကာ  တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဒီဗွီဘီကို ပြောပါတယ်။ ဇွန်လ ၂ ရက် မနက် ၁၁ နာရီ  ၁၀ မိနစ်လောက်မှာ ကန်းချောင်းတံတားအကျော်မှာ မိုင်းနှစ်လုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ဆိုင်ကယ်ကယ်ရီမောင်းနှင်လာသူ တစ်ဦးနဲ့ ခရီးသည် တစ်ဦးသေဆုံးခဲ့တာလို့   ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကပြောပါတယ်။ “စစ်ကြောင်းက ပုဏ္ဏားကျွန်းအဝင် ကန်ချောင်းတံတားအကျော်မှာ ပေါက်ကွဲတာ၊ ဆိုင်ကယ်ကယ်ရီသမားကလည်း ပုဏ္ဏားကျွန်း ဘက်က အလာ၊ အဲ့ဒီမှာ မိုင်းနှစ်လုံးပေါက်ကွဲမှုဖြစ်တာ။ ဆိုင်ကယ်ကယ်ရီသမား လည်ပင်းမှာဒဏ်ရာရတယ်။ ပြီးတော့ ပုခုံး၊ ညာဘက်လက်မောင်းလည်း ဒဏ်ရာရတယ်။ ဆိုင်ကယ် စီးလာသူကတော့ ပွဲချင်းပြီးသေတယ်။"  သေဆုံးသူဟာ ပေါက်တောမြို့နယ် င/ပြီကျွန်းကျေးရွာက ဦးဇော်မင်းဦး(ခေါ်)  ငမဲချေ အသက် (၃၈) နှစ်ဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်၊  နားဒေါင်းကျ ကျေးရွာမှာအိမ်ထောင်ကျနေကာ သူရဲ့နေရပ်သို့အပြန်မှာ အခုလိုဖြစ်ပွားခဲ့တာလို့ ဦးခင်မောင်လတ်က ပြောပါတယ်။  ဒဏ်ရာရရှိသွားသူမှာ ပုဏ္ဏားကျွန်းမြို့နယ် ဂူဝကျေးရွာကဦးဝင်းနိုင်စိုး အသက် (၄၇) နှစ်ကို ပုဏ္ဏားကျွန်းဆေးရုံကို ပို့ဆောင်လိုက် ရတယ်လို့ဆိုပါတယ်။  လက်ရှိမှာတပ်မတော်စစ်ကြောင်းက မိုင်းပေါက်ကွဲတဲ့နေရာ စစ်တွေ၊ ရန်ကုန်-ကားလမ်းမကို ၂ နာရီကြာပိတ်ထားပြီး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ကာ နေ့လယ်ပိုင်းမှာကားလမ်းကို ပြန်လည်ဖွင့်ပေးခဲ့ပါတယ်။ ပုဏ္ဏားကျွန်းဒေသခံ ကိုမြင့်ဇော်က “ပေါက်ကွဲသံ နှစ်ချက်ကြားပါတယ်။ အဝေးကနေကြည့်တော့ တပ်မတော်သားတွေလည်း လဲနေတာတွေကိုတွေ့တယ်၊ ဆိုင်ကယ်စီး လာသူ နှစ်ယောက်လုံး လဲနေတယ်။ အဲ့ဒီမှာ တပ်မတော်စစ်ကြောင်းက ၂ နာရီလောက်ကား လမ်းမကို ပိတ်ထားလိုက်တယ်။ စစ်ဆေးမှုတွေလုပ်တာတွေ့တယ်။”လို ပြောပါတယ်။ တပ်မတော်စစ်ကြောင်း အခုလိုမိုင်းဆွဲခံရပြီးနောက် ပုဏ္ဏားကျွန်းဒေသခံတွေကတော့ စိုးရိမ်နေသလို  ဒီကနေ့ အခြေအနေတစ်ခုခုထပ်ဖြစ်မှာကို  ဒေသခံတွေစိုးရိမ်မှုတွေရှိနေကြတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။ ဒီပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့်  ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။ Photo- အင်္ဂါအောင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up