DVB Logo
Home
မြန်မာသတင်း
အတူယှဉ်တွဲနေထိုင်သည့် လူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး ဆောင်ရွက်မည်ဟု သမ္မတပြော
DVB
·
May 7, 2013
အတူယှဉ်တွဲနေထိုင်သည့် လူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး ဆောင်ရွက်မည်ဟု သမ္မတပြော
Donate to DVB

ရခိုင်ပြည်နယ်ပဋိပက္ခနဲ့ ပတ်သက်လို့ အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တဲ့ လူ့အဖွဲ့အစည်းတရပ် ပေါ်ပေါက်ရေးကို ဦးတည်ဆောင်ရွက်မယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မေ ၆ ရက်နေ့ တီဗွီမိန့်ခွန်းမှာ ပြောကြားပါတယ်။

[caption id="attachment_39191" align="alignright" width="300" caption="ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)"][/caption]

“ရခိုင်ပြည်နယ် ပဋိပက္ခများနဲ့ ပတ်သက်ပြီး ကျနော်တို့အစိုးရရဲ့ ရပ်တည်ချက်ဟာ လက်ရှိ အခြေအနေကို လက်တွေ့ကျတဲ့ နည်းလမ်းများနဲ့ ကိုင်တွယ် ဖြေရှင်းပြီး အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းတရပ် ပေါ်ပေါက်လာရေးကို ရှေးရှုတဲ့ ဦးတည်ချက်များနဲ့ လုပ်ဆောင်သွားမှာ ဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်။ ဒီနေရာမှာ သမိုင်းသင်ခန်းစာများကို ပစ်ပယ်မှာ မဟုတ်ပေမယ့် ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ သမိုင်းကြောင်း ဆိုးမွေများထဲက ရုန်းထခွဲထွက်ဖို့ လိုအပ်မှာဖြစ်ပြီး အနာဂတ်ကို ရှေးရှုတဲ့ အဖြေ ရှာဖွေမှုတွေကို ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းရေးကော်မရှင်ရဲ့အစီရင်ခံစာဟာ လက်တွေ့ကျပြီး ပြည့်စုံ ကောင်းမွန်တဲ့ အစီရင်ခံစာတခု ဖြစ်ပြီး အလေးထားအကောင်အထည်ဖော်မှာ ဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။

နိုင်ငံသားဖြစ်ခွင့်ရှိသူများ နိုင်ငံသားဖြစ်ရေး ကိစ္စရပ်တွေကို ရေတိုနဲ့ ရေရှည် စီမံချက်များ ချမှတ် ဆောင်ရွက်မှာဖြစ်သလို ရခိုင်ပြည်နယ်ပဋိပက္ခကို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးစတဲ့ ရှုထောင့်ပေါင်းစုံကနေ တိကျပြတ်သားစွာ အရေးယူ ဆောင်ရွက်သွားမယ်လို့ သမ္မတက ပြောပါတယ်။

အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ မူလက ရောက်ရှိနေကြတဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်သူများအား လူသားချင်း စာနာ ထောက်ထားသည့်အနေနဲ့ သူတို့ရဲ့ အခြေခံ ရပိုင်ခွင့်တွေနဲ့ အခွင့်အရေးတွေကို လက်တွေ့အကျဆုံး နည်းလမ်းများနဲ့ အရေးယူ ဆောင်ရွက်ပေးသွားမှာ ဖြစ်သလို ရခိုင်တိုင်းရင်းသားတွေရဲ့ ခံစားမှုနဲ့ လိုလားချက်တွေကိုလည်း လုံးဝလျစ်လျူရှုမှာ မဟုတ်ဘူးလို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခများရဲ့ ဇာစ်မြစ်တွေကတော့  လူဦးရေပေါက်ကွဲမှု မြင့်မားတဲ့ အိမ်နီးချင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေမှု၊ ကိုလိုနီစနစ်ရဲ့ အမွေဆိုး၊ ရခိုင်တိုင်းရင်းသားတွေနဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ လူ့အဖွဲ့အစည်း နှစ်ခုလုံးရဲ့ လူမှုစီးပွား အထွေထွေ နိမ့်ကျမှုများ စတဲ့ အချက်တွေပဲဖြစ်တယ်လို့ သမ္မတက ထောက်ပြပါတယ်။

စိတ်ခံစားမှုတွေကို ရှေ့တန်းတင်တဲ့၊ လွဲမှားတဲ့ အယူသီး အစွန်းရောက်တဲ့ လုပ်ရပ်တွေကြောင့် ဆုံးရှုံးမှုတွေနဲ့ အန္တရာယ်တွေကို ကြုံတွေ့နိုင်တာကြောင့်  တဦးချင်းစီမှာ တာဝန်ရှိတယ်လို့ သတိပေးထားပါတယ်။

ပဋိပက္ခ ပိုမဆိုးလာအောင် တရားမဝင် ဆက်လက်ဝင်ရောက်လာသူများကို ဟန့်တားရေးနဲ့ ထိရောက်စွာ အရေးယူခြင်းတို့အတွက် လုံခြုံရေးအစီအမံတွေ ချမှတ်သွားမယ်လို့ ဆိုပါတယ်။

“တာဝန်ရှိတဲ့ လုံခြုံရေးအဖွဲ့အစည်းများ အနေနဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များမှာ အပြည့်အဝ ပူးပေါင်း အကောင်အထည်ဖော်နိုင်ရေးအတွက်  နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်၊ အခွင့်အာဏာများ အသုံးပြု ဆောင်ရွက်သွားမယ်။ လုံခြုံရေးအဖွဲ့အစည်းများဟာ ပြည်သူ့ဝန်ထမ်း ကျင့်ဝတ်နဲ့ အညီ ဘက်လိုက်မှုမရှိဘဲ ဥပဒေအရ တိတိကျကျ လိုက်နာဆောင်ရွက်စေဖို့ကိုလည်း ကျနော်အနေနဲ့ ညွှန်ကြား အမိန့်ပေးထားပြီး ဖြစ်ပါတယ်။ ပဋိပက္ခများအတွင်း ဖြစ်ပွားခဲ့တဲ့ ဥပဒေချိုးဖောက်မှုများကိုလည်း ဘက်လိုက်မှု မရှိစေဘဲ ထိရောက်စွာ အရေးယူသွားမယ်” လို့ သမ္မတက ပြောပါတယ်။

ပဋိပက္ခကြောင့် အိုးအိမ်နဲ့ စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရသူတွေအတွက်လည်း ကယ်ဆယ်ရေးနဲ့ ကူည စောင့်ရှောက်ရေးတွေကိုလည်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒုက္ခသည်တွေအတွက် မိုးမကျမီ အမိုးအကာအောက် အချိန်မီရောက်ရှိရေး၊ ကလေးသူငယ်တွေ အာဟာရ ပြည့်ဝစေရေး၊ ပညာသင်ကြားနိုင်ရေး၊  စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေနဲ့ မလုံခြုံမှုတွေကို ကုစားပေးနိုင်ရေး၊ ကူးစက်ရောဂါများကို ဟန့်တားရေး၊ အသက်မွေးဝမ်းကျောင်းမှုနဲ့ ဒေသစီးပွားရေး ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ရေးတို့ကို အလျင်အမြန် အရေးယူဆောင်ရွက် သွားမယ်လို့ သမ္မတက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်နဲ့ အောက်တိုဘာလတွေမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း ၁၉၂ ဦး သေဆုံးပြီး ၂၆၅ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ်ပေါင်း ၈၆၁၄ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ပဋိပက္ခကြောင့် လူပေါင်း ၁ သိန်းကျော်လည်း အိုးအိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ အစိုးရက ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013