မိတ္ထီလာတွင် စွန့်ပစ်ခံထားရသည့် ၁၀ ရက်သားအရွယ် ကလေးငယ် အလောင်းတွေ့ရှိ
DVB
·
June 2, 2020
မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ နယ်မြေ(၅) နန်းတော်ကုန်ရပ်ကွက်ရှိ ရေမြောင်းဘေးက ရေအိုင်ထဲမှာ ဇွန်လ ၁ ရက်က မွေးဖွားပြီး စွန့်ပစ်ခံထားရတဲ့ အသက် ၁၀ ရက်သားအရွယ် ကလေးအလောင်း တစ်လောင်းတွေ့တယ်လို့ နန်းတော်ကုန်းအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
နန်းတော်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးဦးမျိုးအောင်က "မွေးဖွားပြီး စွန့်ပစ်လိုက်တဲ့ ကလေးအလောင်းတစ်လောင်းပါ ရေအိုင်ထဲမှာတွေ့ရတယ်။ ၁၀ ရက်သားလောက်လို့ ခန့်မှန်းတယ်။ မွေးခါစကလေးဆိုတော့ ဘာမှ မသိရသေးပါဘူး။ တော်တော်ကြာပြီထင်တယ။ အပုပ်နံတောင် ထွက်နေပြီ၊ ကလေးကတော့ ယောကျ်ားလေးပါ" လို့ ပြောပါတယ်။
မိတ္ထီလာမြို့မရဲစခန်း တာဝန်ကျရဲဝန်ထမ်းတဦးကလည်း ကလေးအလောင်း တစ်လောင်းတွေ့ရှိတဲ့အကြာင်းနဲ့ အမှုဖွင့်ထားပြီး စုံစမ်းနေတယ်လို့ ပြောပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး မိတ္ထီလာမြို့မရဲစခန်းမှာ ကလေးအလောင်း ဖျောက်ဖျက်မှု (သို့) ကလေးမွေးတာ ထိန်ချန်မှု ရာဇသတ်ကြီးပုဒ်မ ၃၁၈ နဲ့ စွန့်ပစ်သူ(စုံစမ်းဆဲ)အား အမှုအမှတ် (ပ)၂၈၀/၂၀၂၀ နဲ့ အမှုဖွင့်ထားပါတယ်။
ဒီအမှုဟာ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ်အထိချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်တာ ဖြစ်ပါတယ်။
သတင်း-မောင်မောင်လင်း၊ ဓာတ်ပုံ-ဦးသန်းဝင်းလှိုင်