အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) နဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) တို့ဟာ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု လျှော့ချခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ကို ရရှိ အောင်မြင်စေဖို့ ရည်ရွယ်တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ မေ ၄ ရက်က အားပေးတိုက်တွန်းခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကိုယ်ပိုင်စီးပွားရေးနဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းကို ထူထောင်ဖို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ အိန္ဒိယနိုင်ငံ Greater Noida မှာ ကျင်းပတဲ့ ၄၆ ကြိမ်မြောက် အေဒီဘီအုပ်ချုပ်ရေးဘုတ်အဖွဲ့ ပုံမှန်အစည်းအဝေးရဲ့ သီးခြား အစီအစဉ်မှာ အေဒီဘီနဲ့ အိုင်အမ်အက်ဖ်အဖွဲ့ တာဝန်ရှိသူတွေက ပြောဆိုလိုက်တာပါ။
မြန်မာနိုင်ငံဟာ ပြည်သူတွေအတွက် မျှော်လင့်ချက်ပေးစွမ်းတဲ့ စီမံအုပ်ချုပ်မှု ရှိရမှာဖြစ်ပြီး ကိစ္စတွေဟာ ညတွင်းချင်း ပြောင်းလဲသွားမှာ မဟုတ်ကြောင်းနဲ့ ရှေ့ဆက်သွားဖို့ အချိန်ယူရမှာဖြစ်တယ်လို့ အာရှဖွံ့ဖြိုးမှုဘဏ် (အေဒီဘီ) ဒုဥက္ကဌ စတီဖင် ဂရော့ဖှ်က သတိပေး ပြောဆိုသွားပါတယ်။
မြန်မာအစိုးရအနေနဲ့ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ အနာဂတ်မှာ အကျိုးအမြတ်တွေ ပြန်ရလာလိမ့်မယ်လို့ ပြည်သူတွေကို အသိပေးသင့်တယ်လို့လည်း သူက ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ တည်ဆောက်ရေးလုပ်ငန်းစဉ်မှာ ပုဂ္ဂလိကပိုင်းအနေနဲ့ ပူးပေါင်းလုပ်ကိုင်ရာမှာ တွန်းအားပေးဖို့ သူက တောင်းဆိုသွားပါတယ်။
မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ဆင်းရဲမွဲတေမှုနဲ့ ဖွံ့ဖြိုးမှုနိမ့်ကျနေမှုလို အရေးပါတဲ့ ကိစ္စရပ်တွေကို ဖြေရှင်းဖို့အတွက် စီးပွားရေး ဖွံ့ဖြိုးမြင့်တက်လာမှု အပါအ၀င် အရေးကြီးကိစ္စတွေကို အလေးပေး ပြောဆိုသွားပါတယ်။
အိုင်အမ်အဖ်ရဲ့ အာရှပစိဖိတ်ဒေသ ညွှန်ကြားရေးမှူး အနု(ပ်) ဆင်းန်ကတော့ ငွေကြေးဖောင်းပွမှု ထိန်းချုပ်ထားခြင်းဖြင့် အကြီးစား စီးပွားရေးရာတည်ငြိမ်မှု တိုးပွားလာအောင် လုပ်ဆောင်နိုင်ဖို့ မြန်မာအစိုးရကို အားပေးသင့်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ဗဟိုဘဏ်နဲ့ ပုဂ္ဂလိက ငွေကြေးထောက်ပံ့မှုလိုမျိုး နိုင်ငံတော်နဲ့ ပုဂ္ဂလိက ဆောင်ရွက်သူတွေ ပါဝင်လာခြင်းနဲ့အတူ အကြီးစား စီးပွားရေးတည်ငြိမ်မှုအတွက် ဌာနတွေ စတင်တည်ထောင်နေတာတွေကို မြင်တွေ့ရတာ အားရကျေနပ်တယ်လို့လည်း သူက ဆိုပါတယ်။
ဒီလိုလုပ်ဆောင်မှ နိုင်ငံတော်ဘတ်ဂျက် တခုတည်းထက်စာရင် ပုဂ္ဂလိကကဏ္ဍတွေဘက်မှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ကျန်းမာရေးနဲ့ ပညာရေးတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ လည်ပတ်နေမှာဖြစ်ပြီး အခွန်အခတွေ ပြန်ရမယ့်အပြင် နိုင်ငံခြားငွေကြေး သိုမှီး ထိန်းသိမ်းထားနိုင်မှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။